
မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်တွင် ကာကွယ်ရေးအဖွဲ့များက ထန်တလန်မြို့ကို ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီက မြို့ကို ပြန်လည်စိုးမိုးရန် လေကြောင်းမှ နေ့စဉ် တိုက်ခိုက်နေသည်ဟု သိရသည်။
ဖေဖော်ဝါရီလဆန်းတွင် ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က မြို့လယ် CB ဘဏ်ရှိ ကင်းစခန်းနှင့် မြို့မရဲစခန်းကို စီးနင်း တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၀ မှ စတင်ကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကူအင်အားဖြည့်တင်းမှုများ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေသည်ဟု ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယနေ့ (ဖေဖော်ဝါရီ ၁၆) နေ့လယ်ပိုင်းတွင် ပြောသည်။
“ထန်တလန်မြို့ကို ပြန်လည်ပြီးတော့ ရဲစခန်းတွေမှာရော အရင်နေရာတွေရော၊ ကျွန်တော်တို့ ဝင်စီးထားတဲ့ နေရာတွေရော အဲ့သလို ခြေကုပ်ပြန်ယူပြီးတော့ ပြန်ပြီးတော့ စိုးမိုးနိုင်ဖို့ပေါ့၊ ကျွန်တော်တို့ကို အဲဒီနေရာမှာ လုံးဝခြေကုပ်မယူနိုင်ဖို့ အဲဒီစစ်ဆင်ရေးကြီးကတော့ ဝေဟင်ကနေ အဲဒီလောက်ကြီး ဗုံးလာကြဲတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
“နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေတယ်။ နေ့စဉ်နဲ့အမျှ ဂျက်လေယာဉ်နဲ့ ပစ်နေတယ်”
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အဝင်တောင်ဘက် စခန်းကုန်းတစ်ခုတွင်သာ နေရာယူစိုးမိုးထားပြီး မြို့၏ ၉၅ ရာခိုင်နှုန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့များ စိုးမိုးထားကြောင်းလည်း ဆလိုင်းထက်နီက ဆိုသည်။
စစ်ကောင်စီကလည်း လက်လွှတ်လိုက်ရသည့် ရဲစခန်းကို ပြန်လည်သိမ်းယူမည်ဟု ဖေဖော်ဝါရီ ၁၀ တွင် သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်သည့် ထန်တလန်မြို့ တိုက်ပွဲများအတွင်း ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၁ ဦးထက်မနည်း ဒဏ်ရာရထားသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့များထံမှ ရရှိသည့် အချက်အလက်အရ သိရသည်။
စစ်ကောင်စီက ၎င်း၏ လက်နက်ကိုင်များ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာတွင် ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ခုခံမှု စတင်ပြီး ထန်တလန်မြို့ကို စစ်မီးကူးစက်လာသည်၊ စက်တင်ဘာလတွင် တိုက်ပွဲအရှိန်မြင့်လာရာ မြို့နေလူထု တစ်သောင်းကျော် နေရပ်စွန့်ခွာကြရသည်။
“ကျွန်တော်တို့က အများဆုံးရှောင်ရ တစ်ပတ်လောက်ပဲ ထင်တာ။ တစ်ပတ်စာလောက်ပဲ (ရိက္ခာ) တင်ပြီး ရှောင်ကြတာ၊ ဆန်တစ်အိတ်၊ ဆီတစ်ဘူးလောက်ပေါ့။ ဒါပေမဲ့ ခုထိ အိမ်မပြန်နိုင်သေးဘူး” ဟု တစ်နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရသည့် ထန်တလန်မြို့ခံ အသက် ၄၀ ကျော်အရွယ် ကိုဆလိုင်းက ပြောသည်။
ကလေး ၃ ဦးအပါအဝင် ကိုဆလိုင်းတို့ မိသားစုဝင် ၆ ဦးမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Sangau မြို့တွင် စစ်ရှောင်နေရသည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်သည်။ ကိုဆလိုင်းတို့ မိသားစု ခိုလှုံနေသည့်မြို့တွင် ထန်တလန်ဒေသခံ စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင် ရောက်နေပြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေးအခက်အခဲ ကြီးမားလာသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ဖေဖော်ဝါရီလဆန်းပိုင်း ထုတ်ပြန်သည့် အချက်အလက်များအရ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ မလုံခြုံမှုများကြောင့် လူဦးရေ ၁ ဒသမ ၂ သန်းမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
မြို့လုံးကျွတ် စစ်ရှောင်သွားပြီးနောက်ပိုင်း စစ်တပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၂,၃၀၀ ကျော်ရှိသည့် ထန်တလန်မြို့တွင် ရှေးအကျဆုံး ဘုရားကျောင်းများအပါအဝင် မြို့ထက်ဝက်ကျော် ပြာကျပျက်စီးခဲ့ရသည်။
စစ်ကောင်စီတပ်များကလည်း ချင်းပြည်နယ်မြောက်ပိုင်းရှိ ဟားခါး – ထန်တလန်လမ်းမကြီးနှင့် ဖလမ်း၊ ကလေးမြို့များရှိ အဓိကလမ်းမများကို ပိတ်ဆို့ထားသည်၊ စစ်တပ်က ခြေကုပ်စခန်းများချကာ စစ်ဆေးရေးဂိတ်များ ဖွင့်ထားသည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ပိတ်ဆို့ဖြတ်တောက်ထားခြင်းကြောင့် ထန်တလန်မြို့ခံ စစ်ရှောင်များနှင့် ဒေသခံများ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက် များပြားလာနေသည်ဟုလည်း ဒေသခံများနှင့် အကူအညီပေးရေးအဖွဲ့များက Myanmar Now ကို ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ် ပြည့်ချိန်တွင် နိုင်ငံတစ်ဝန်း မြို့နယ် ၃၀၀ ကျော်အနက် ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ထုတ်ဖော် ဝန်ခံထားသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းရာ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်အပါအဝင် မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ကြောင်း ဖေဖော်ဝါရီလဆန်းက ထုတ်ပြန်ခဲ့သည်။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အစပ်ရှိ ပလက်ဝမြို့မှအပ ကျန်မြို့နယ်များဖြစ်သည့် တီးတိန်၊ တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့များကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)