သတင်း

မန္တလေးထောင်တရားရုံးတွင် သက်သေထွက်ခွင့် အကျဉ်းသားများ ပိတ်ပင်ခံရ

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အထူးတရားရုံးတွင် ထောင်သားသက်သေများ ရုံးထုတ်ခေါ်ယူခြင်းကို လုံခြုံရေးအရဆိုကာ ဖေဖော်ဝါရီ ၁၄ မှ စတင်၍ ပိတ်ပင်လိုက်ကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုသို့ ပိတ်ပင်လိုက်သဖြင့် မကြာသေးမီက အိုးဘိုထောင်တွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသား အများအပြားကို ထောင်အာဏာပိုင်များက ရိုက်နှက်မှု အပါအဝင် ထောင်တွင်းအခြေအနေများကို စုံစမ်းရ ပိုမို ခက်ခဲသွားစေသည့် လုပ်ဆောင်မှု ဖြစ်သည်ဟု မန္တလေးအခြေစိုက် ရှေ့နေတစ်ဦးက ဝေဖန်သည်။

“အဓိကကတော့ ထောင်ထဲက ဘာသတင်းအစအနမှ မကြားရတော့အောင် လုပ်လိုက်တာပေါ့။ အရင်က ထောင်သက်သေတွေခေါ်ရင် အကျထောင်သားတွေက တရားရုံးကို ကိုယ်တိုင်လာထွက်ဆိုကြတယ်။ တွေ့ဆုံကြရတယ်။ အခုက အဲဒီလိုပေးမတွေ့တော့ဘူး။ ထောင်အတွင်းနဲ့ ပတ်သက်တာတွေလည်း ဘာမှ မကြားရတော့အောင်ပေါ့” ဟု  လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားရှေ့နေက ဆိုသည်။

တရားသူကြီးက ပိတ်ပင်ခြင်းမဟုတ်ဘဲ အကျဉ်းထောင်က တိုက်ရိုက်ညွှန်ကြားခြင်းဖြစ်သည်၊ အကျဉ်းသားက တရားခွင်တွင် မဖြစ်မနေ သက်သေထွက်ရမည်ဆိုလျှင်လည်း အွန်လိုင်းရုပ်သံစနစ်ဖြင့်သာ စစ်ဆေးမေးမြန်းဖွယ်ရှိသည်ဟု အထက်ပါရှေ့နေက ဆက်ပြောသည်။

အမှုစစ်ဆေးရာတွင် ကြန့်ကြာ ခက်ခဲနိုင်သည့် ဤပိတ်ပင်မှုကာလ မည်မျှရှည်ကြာမည်ကို ထောင်အာဏာပိုင်များက သတ်မှတ်ထားခြင်း မရှိကြောင်း မန္တလေးတရားရုံးများသတင်းရပ်ကွက်က ဆိုသည်။

မကြာသေးမီရက်ပိုင်းက အကျဉ်းထောင်အတွင်းမှ လျှို့ဝှက်ပေးပို့လာသော “အဖိနှိပ်ခံ အကျဉ်းသားများ” ဟူသည့် စာတစ်စောင်ကို မန္တလေးတော်လှန်ရေးအင်အားစုများ လက်ခံရရှိခဲ့ပြီး ထိုစာထဲတွင် ထောင်အတွင်းအခြေအနေဆိုးများကို ဖော်ပြထားသည်။

မင်ပြာဖြင့် ရေးသားထားသော စာရွက်ဖြတ်ပိုင်းတစ်ခုတွင် ဖေဖော်ဝါရီ ၃ နှင့် ၄ တို့တွင် အမျိုးသမီးအဆောင် ၁ နှင့် ၂ တို့တွင် အချင်းများရာမှ အစပြုကာ ထောင်ဝန်ထမ်းများက ၂ ရက်ဆက် နိုင်ကျဉ်းအမျိုးသမီးတို့ကို နှိပ်စက်ညှဉ်းပမ်းခဲ့သည်ဟု ဖော်ပြထားသည်။

လျှပ်စစ်ကျဉ်စက်ပါ နံပါတ်တုတ်များ၊ ဝါးရင်းတုတ်များ၊ သံတုတ်များ၊ လောက်လေးခွများဖြင့် ရိုက်နှက်၊ ပစ်ခတ်ရာ အကျဉ်းသူ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၇၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကာ အများအပြား အစာဖြတ်ကာ တိုက်ပိတ်ခံထားရကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။

သတင်းများ ထောင်အပြင်သို့ ထပ်မံ မပေါက်ကြားစေရန် ထောင်အာဏာပိုင်များ အလွန်အကျွံ ထိန်းချုပ်လိုက်ကြောင်း ထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်များထဲတွင် ပါဝင်သော အိုးဘိုထောင်တွင် ထောင်ဝန်ထမ်းတို့က နိုင်ကျဉ်းတို့ကို ရိုက်နှက်ခြင်း၊ တိုက်ပိတ် အစာဖြတ် ပြစ်ဒဏ်ပေးခြင်း၊ သေနတ်ဖောက်ခြိမ်းခြောက်ခြင်း မကြာခဏပြုလုပ်သည်ဆိုသော သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေသည်။

သို့သော် ၂၀၂၀ မှစ၍ ကိုဗစ်ကပ်ရောဂါအကြောင်းပြကာ ထောင်ဝင်စာတွေ့ခွင့် ဆက်လက်ပိတ်ပင်ထား၍ ထောင်တွင်းဖြစ်ရပ်များကို အတည်ပြုရန် ခက်ခဲနေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၁၅ ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ဖမ်းထားသူ စုစုပေါင်း ၁၅၇၄၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၄၁၉၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button