သတင်း

လုံလောက်သည့်ဆေးကုသခွင့်မရသဖြင့် အိုးဘိုထောင်မှ နိုင်ကျဉ်းအမျိုးသမီးတစ်ဦးသေဆုံး

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် မန္တလေးမြို့မှ အသက် ၃၅ နှစ်အရွယ် မယဉ်မိုးမှာ ကျောက်ကပ်ဝေဒနာဖြင့် ယခုလ ၄ ရက်နေ့က သေဆုံးသွားသည်။

ကျောက်ကပ်ဝေဒနာ ခံစားနေရသည့် မန္တလေးမြို့ အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတစ်ဦးမှာ လုံလောက်သော ဆေးကုသခွင့်မရသဖြင့် ယခုလ ၄ ရက်နေ့က သေဆုံးသွားသည်ဟု နီးစပ်သူများထံမှ သိရသည်။

အသက် ၃၅ နှစ်အရွယ် မယဉ်မိုးမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် ဖမ်းဆီး ထောင်ချခံထားရသူဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့က မန္တလေးဆေးရုံကြီးတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။​

ထောင်တွင်း၌ ရှိနေစဉ် ကျန်းမာရေးမကောင်းဘဲ မကြာခဏ ဖျားနာလေ့ရှိသူ မယဉ်မိုးမှာ ထောင်ဆေးရုံတွင် ဆေးကုသခွင့်ကောင်းကောင်း မရခဲ့သည့်အပြင် ပြင်ပဆေးရုံသို့ ပို့ဆောင်ချိန်၌လည်း လုံလောက်သည့် ကုသခွင့်မရဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။

“သူက တရားဝင်ကုသခွင့်ရတာဆို ဒီဇင်ဘာလလောက်မှ ရတာ၊ အရေးပေါ်သွေးသွင်းဖို့ လိုနေတဲ့အခါမျိုး ၆ ကြိမ်လောက်ရှိခဲ့တယ်။ ပြင်ပဆေးရုံပို့ပြီးရင်လည်း လုံခြုံရေးမပေးနိုင်ဘူးဆိုပြီး ထောင်ပြန်ပြန်ပို့တာ”

အိုးဘိုထောင်မှ မြင်းခြံထောင်ပြောင်းရွှေ့ခံရခဲ့ရပြီး လပိုင်းအကြာတွင် ကျန်းမာရေးဆိုးရွားလာသဖြင့် အိုးဘိုထောင်ပြန်အပို့ခံရကြောင်း၊ ဆေးကုသခွင့်ရချိန်တွင်လည်း ကျောက်ကပ်ကင်ဆာဖြစ်နေသည်ကို မသိခဲ့ရကြောင်း ကိုသိုက်ထွန်းဦးက ဆိုသည်။

“ကျောက်ကပ်အဆင့် ၅ (ကင်ဆာအဆင့်) ဖြစ်နေတယ်ဆိုတာကိုလည်း ပြင်ပဆေးရုံပို့ပြီး နှစ်ကြိမ်အထိ မသိသေးဘူး။ ဒီအတိုင်းပဲ နေမကောင်းတာဆိုပြီး ထားတာ။ သိတာ နောက်ကျတာပေါ့ဗျာ။ သိတဲ့အချိန်မှာ အဆင့် ၅ ရောက်နေပြီ”

 ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က မန္တလေးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်ဖြိုးခွင်းစဉ် မယဉ်မိုးမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသည်။ ထို့နောက် ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၆) နှင့် အမှတ် (၈) ရဲစခန်းတို့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပြီး နှစ်မှုပေါင်း ထောင် ၆ နှစ် ချမှတ်ခံရသည်။

“သေနတ်ဒဏ်ရာနဲ့ ဖမ်းခံရစဉ်ကတည်းက ဆေးက ကောင်းကောင်းမကုရဘူး။ အဲ့ဒီနောက်မှာလည်း ထောင်ထဲ နေမကောင်းဖြစ်တာကို ဆေးကုခွင့် ကောင်းကောင်းမရခဲ့ဘူး။ အဲ့ဒီဒဏ်တွေကြောင့်ပဲ သေဆုံးသွားခဲ့တာလို့ ပြောလို့ရတယ်” ဟု မယဉ်မိုးနှင့်နီးစပ်သူ မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်သူများကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ပုဒ်မအမျိုးမျိုးဖြင့် ထောင်ချခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယမန်နေ့ (ဖေဖော်ဝါရီ ၇) အထိစာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားသူ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀,၀၆၀ ဦးရှိသည်။

အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်မှုများကြုံတွေ့နေရသည့်အပြင် လုံလောက်သည့် ဆေးကုသခွင့်မရဟု နီးစပ်သူများနှင့် စောင့်ကြည့်လေ့လာသူများက ဆိုသည်။

ယခုနှစ်ဆန်းပိုင်းအတွင်း၌ပင် နိုင်ငံအနှံ့ရှိ အကျဉ်းထောင်များ၌ ဆေးကုခွင့်ကောင်းစွာ မရသဖြင့် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၅ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရသည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအတွက် ထောင်ဝင်စာပေးပို့ခွင့်နှင့် ထောင်တွင်းသို့ ဆေးဝါးသွင်းခွင့် ကန့်သတ်ထားသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း အကျဉ်းထောင်များအတွင်း ဝင်ရောက်လေ့လာခွင့်ပေးခြင်း မရှိပေ။

Show More

Related Articles

Back to top button