နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးသည် အပြင်းဖျားနေပြီး သူ၏ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေကြောင်း ထောင်အာဏာပိုင်များက ပြောသည်။
ထောင်ဒဏ် ၇ နှစ် ကျခံနေရသည့် အသက် ၂၈ နှစ်အရွယ် ကိုကျော်စိုးဦးသည် ထောင်တွင်းဆေးကုသမှု ခံယူနေရကြောင်း၊ ယမန်နေ့က ထောင်ဝင်စာသွားရောက်တွေ့ဆုံစဉ် စကားပင်ကောင်းစွာ မပြောနိုင်ကြောင်း သူ၏ဇနီးကပြောသည်။
“မနေ့က သူနဲ့တွေ့တာ ၅ မိနစ်လောက်တောင် စကားမပြောလိုက်ရဘူး။ သူက စကားကို ပြန်မပြောနိုင်ဘူးဖြစ်နေတာ” ဟု ကိုကျော်စိုးဦး၏ ဇနီး မချစ်စုဝင်းက ပြောသည်။
ကိုကျော်စိုးဦးသည် တုပ်ကွေးအဖျားရောဂါ တစ်မျိုးကိုခံစားနေရသည်မှာ မှန်ကန်သော်လည်း အသက်အန္တရာယ် စိုးရိမ်စရာ မရှိဟု ထောင်ဆရာဝန်များက မှတ်ချက်ပေးထားကြောင်း အင်းစိန်ထောင်မှူး ဦးဇော်ဇော်က ပြောသည်။
“တကယ်လို့ အရမ်း အသက်အန္တရာယ် စိုးရိမ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့က ထောင်အပြင်ထုတ်ပြီး အင်းစိန်ဆေးရုံကို ပို့ပြီးကုသမှာပါ။ မနေ့ကတည်းက ကျွန်တော်တို့ ကြပ်မတ်ကုသပေးနေပါတယ်။ စိတ်ချပါ။ ကျွန်တော်တို့ လိုအပ်တဲ့ဟာတွေကို ကူညီစောင့်ရှောက်ပေးမှာပါ” ဟု သူကဆိုသည်။
အကျဉ်းဦးစီးဌာန၏ သတ်မှတ်ချက်များအရ ထောင်ဆေးရုံတွင် ကုသ၍မရသည့် ရောဂါများ၊ ကုသရန်အတွက် စက်ကိရိယာများ မလုံလောက်မှုများ ဖြစ်ပေါ်သည့် အခြေအနေမှသာ အကျဉ်းသားတစ်ဦးကို အနီးစပ်ဆုံး ပြည်သူ့ဆေးရုံတွင် အစောင့်အရှောက်များဖြင့် ကုသမှုပြုလုပ်ပေးလေ့ရှိကြောင်း၊ သာမန်အားဖြင့် ထောင်ဆေးရုံတွင် ကုသနိုင်သည့် လူနာများကို ပြင်ပမှ ဆရာဝန်များဖြင့် ကုသပေးလေ့မရှိကြောင်း အင်းစိန်အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က သုံးသပ်သည်။
ကိုကျော်စိုးဦးသည် သူ၏လုပ်ဖော်ကိုင်ဖက် ကိုဝလုံးနှင့်အတူ ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာတွင် အရပ်သားများအား လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်သည့် သတင်းကို လိုက်လံစုံစမ်းနေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့သည် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံခဲ့ရကာတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလဆန်းတွင် ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခံခဲ့ရသည်။
၎င်းတို့နှစ်ဦးအား ရဲတပ်ဖွဲ့က ထောင်ချောင်ဆင်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးတစ်ဦးက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။ ယင်းနောက် အဆိုပါရဲအရာရှိလည်း ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် ၁ နှစ် အပြစ်ပေးခံလိုက်ရသည်။