မူးယစ်ဆေးဝါးနှင့် မူခင်းဆိုင်ရာကုလသမဂ္ဂရုံး (UNODC) နှင့် ထိုင်းအစိုးရတို့ ဦးဆောင်ကျင်းပမည့် အာဆီယံဒေသတွင်း နယ်စပ်စီမံခန့်ခွဲရေး အစည်းအဝေးသို့ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနကိုယ်စားလှယ်များ တက်ရောက်ရန် ထိုင်းအစိုးရက ဖိတ်ကြားထားသည်။
“အာဆီယံဒေသတွင်း နယ်စပ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ” ဟု ခေါ်ဆိုသည့် ထိုအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ဖေဖော်ဝါရီ ၂၈ မှ မတ် ၁ အထိ နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း အစည်းအဝေးကျင်းပရေးကိစ္စရပ်များကို သိရှိသူ Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
၂၀၂၁ စက်တင်ဘာတွင် ပြုလုပ်ခဲ့သော နိုင်ငံဖြတ်ကျော်အမှုအခင်းများဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး (AMMTC) ၌ သဘောတူညီခဲ့သည့် နယ်စပ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အတွက် ပြင်ဆင်မှုနှင့် တိုးတက်မှုများကို ယခုလကုန်တွင် လူချင်းတွေ့ဆုံဆွေးနွေးရန် ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အာဆီယံက ဦးဆောင်ကျင်းပသည့် အစည်းအဝေးမဟုတ်သော်လည်း ဒေသတွင်းနိုင်ငံများကြား နယ်စပ်စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သော နိုင်ငံဖြတ်ကျော် မှုခင်းအချက်အလက်မျှဝေခြင်းအပြင် UNODC က ပံ့ပိုးပေးနိုင်မည့်အကြောင်းအရာများကို ဆွေးနွေးရန် ဖြစ်သည်ဟု သိရသည်။ စစ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် UNODC သည် စစ်ကောင်စီ ရဲချုပ်ဟောင်းသန်းလှိုင်ကို မူးယစ်ဆေးတိုက်ဖျက်ရေးမူဝါဒဆိုင်ရာ ကုလသမဂ္ဂဖိုရမ်တစ်ခုသို့ ဖိတ်ကြားခဲ့သဖြင့် အပြင်းအထန်ဝေဖန်ခံခဲ့ရဖူးသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Phrommes Bhaholpolbhayuhasena က မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးထံသို့ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်တွင် လိပ်မူဖိတ်ကြားထားခြင်းဟု ဆိုသည်။ နိုင်ငံခြားရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ရွှေ့ပြောင်းသွားလာရေးကိစ္စများနှင့် သက်ဆိုင်သည့် ဌာနများမှ “အခရာကျသည့် ကိုယ်စားလှယ်များ” တက်ရောက်ရန် ထိုင်းအစိုးရက အကြောင်းကြားထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီဘက်မှ အဆိုပါအစည်းအဝေးသို့ ကိုယ်စားလှယ်လေးဦး စေလွှတ်မည်ဟုလည်း သိရသည်။ ယင်းကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံသို့ သွားရောက်မည့် အသွားအပြန်လေယာဉ်ခကို ကိုယ်တိုင်စိုက်ထုတ် အကုန်ကျခံရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း သွားလာစရိတ်နှင့် နေထိုင်စားသောက်စရိတ်ကို ထိုင်းဘက်က ပံ့ပိုးမည်ဟု ဆိုသည်။ တက်ရောက်မည့် ကိုယ်စားလှယ်များ၏ အသေးစိတ်အချက်အလက်များကိုမူ မသိရပါ။
စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာသော အခြေအနေများကြောင့် ၂၀၂၁ ဧပြီတွင် ချမှတ်ခဲ့သည့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက်ငါးရပ်ကို စစ်ကောင်စီက အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ရာ ထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကို “နိုင်ငံရေးအရ ကိုယ်စားမပြုသူ” များသာ တက်ရောက်ရန် အာဆီယံက ဖိတ်ကြားလာခဲ့သည်။
ထိပ်သီးအစည်းအဝေးများတွင်သာမက အခြားဒေသတွင်းအစည်းအဝေးများတွင်ပါ မြန်မာကို မဖိတ်ကြားရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားက တာဝန်ယူခါနီးအချိန် ပြီးခဲ့သည့် နိုဝင်ဘာတွင် သမ္မတ Joko Widodo က ထုတ်ဖော်တိုက်တွန်းခဲ့သည်။ ဘုံသဘောတူညီချက်ငါးရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်သည့်အတွက် တာဝန်ခံမှုရှိစေရန် ရည်ရွယ်သော တိုက်တွန်းချက်ဖြစ်သော်လည်း အာဆီယံအဖွဲ့အစည်းတစ်ခုလုံးအနေဖြင့် ထိုသို့ စီမံခြင်း မရှိခဲ့ပေ။
ယခုလအတွင်း ဘန်ကောက်မြို့တွင် အမေရိကန်နှင့် ထိုင်း ဦးဆောင်ကျင်းပမည့် ၅ ရက်ကြာ ဒေသတွင်းစစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲနှင့် ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားထားသည်။
မြန်မာနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း သဘောထားကွဲလွဲမှုများ ထိုသို့ ပိုမိုနက်ရှိုင်းလာချိန်တွင် ထိုင်းအစိုးရမှာ မြန်မာစစ်ကောင်စီနှင့် အဆက်အဆံမပျက် ရှိနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ် Chalermphon Srisawasdi သည် ရခိုင်သို့ လာရောက်၍ တွေ့ဆုံခဲ့သည်။ ထိုင်းနိုင်ငံတွင် ကျင်းပသည့် အခြားအစည်းအဝေးများတွင်လည်း စစ်ကောင်စီ လက်အောက်ခံဝန်ကြီးများကို ဖိတ်ကြားခဲ့သည်များ ရှိသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အခြားဝန်ကြီးအချို့ကို ဘန်ကောက်မြို့သို့ ဖိတ်ခေါ်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရန် စီစဉ်ပေးခဲ့သည်။ ထိုအလွတ်သဘောတွေ့ဆုံပွဲသို့ စစ်ကောင်စီဘက်မှ ဝန်ကြီးသုံးဦး၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာလာပြသော်လည်း ကျန်အာဆီယံဦးဆောင်နိုင်ငံများ တက်ရောက်ခဲ့ခြင်း မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)