ဆောင်းပါးလူမှုနယ်ပယ်

နွေဦးတော်လှန်ရေးနယ်မြေမှ မင်္ဂလာပွဲများ

ဖေဖော်ဝါရီ ၁၄ နံနက်ပိုင်းက ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်သည့် လက်ထပ်မင်္ဂလာပွဲတစ်ခုတွင် အဖြူရောင်ဝတ်စုံ ဆင်မြန်းထားသည့် သတို့သမီးနှင့် ကရင်တိုင်းရင်းသားရိုးရာ သင်တိုင်းအင်္ကျီ ဝတ်ဆင်ထားသည့် သတို့သားက ဧည့်သည်များကို ဧည့်ခံနေသည်။

အသက် ၃၀ အရွယ် သတို့သမီးသည် ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူဖြစ်သည်။ ယခုအခါ မြန်မာပြည်တောင်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထိန်းချုပ်ဒေသတွင် တည်ရှိသည့် ရန်ကုန်နှင့် မိုင် ၂၀၀ ကျော် ဝေးကွာသော စစ်ဘေးရှောင် ဒုက္ခသည်များ၏ စာသင်ကျောင်းတစ်ကျောင်းတွင် လုပ်အားပေးနေသူဖြစ်သည်။

၃၁ နှစ်အရွယ် CDM ရဲတပ်သား သတို့သား ကိုဆူးက KNU တွင် တာဝန်ထမ်းဆောင်နေပြီး ထိုစာသင်ကျောင်းသို့ ရိက္ခာပို့သွားရာမှ သူတို့နှစ်ဦး ဆုံတွေ့ မေတ္တာမျှသွားပြီး လက်ထပ်ကြခြင်းပင်။ နိုင်ငံက ပုံမှန်အခြေအနေအတိုင်းသာ ရှိနေပါက သူတို့နှစ်ဦး ဆုံတွေ့ကြဖွယ် မရှိပေ။

အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ထောင်နှင့်ချီ ဖြစ်ပွားနေသည့် ကရင်ပြည်နယ်အတွင်း နံနက်စာ ကြက်သား၊ ဝက်သား၊ တာလပေါတို့နှင့် ဧည့်ခံနေသော လက်ထပ်ပွဲအတွက် နေ့ကောင်းရက်သာ ရွေးခဲ့သူမှာ သတို့သမီးဖြစ်သည်၊ သူတို့ လတ်တလော လုပ်ကိုင်နေသော ဌာနဆိုင်ရာများမှ အကြီးအကဲတို့ကလည်း သူ့ရွေးချယ်မှုကို နှစ်သက်ကြသည်ဟု ဆိုသည်။

“လက်ထပ်ဖို့ ရက်ရွေးရအောင်လို့ တိုင်ပင်ဖြစ်တော့ သူက ကျွန်မကို ဦးစားပေးတယ်လေ၊ ဖေဖော်ဝါရီ ၁၄ က ချစ်သူများနေ့ဖြစ်တာရယ်၊ လူကြီးတွေကလည်း အဲဒီနေ့ ရွေးတာကို သဘောကျတယ်၊ သဘောတူတယ်၊ အမှတ်တရလည်း ဖြစ်တယ်ဆိုတာနဲ့ ဒီနေ့ကို ရွေးချယ်ဖြစ်လိုက်တာပေါ့” ဟု ကိုဆူး၏ သတို့သမီးက ပြောသည်။

ဆန္ဒပြသူများကို စစ်တပ်က ပစ်သတ်ခြင်းကြောင့် နိုင်ငံအနှံ့ ခုခံတိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည်မှာ ၂ နှစ်ရှိလာချိန်တွင် လက်နက်ကိုင်တော်လှန်ရေးသမားတို့ လှုပ်ရှားသည့် ဒေသများအတွင်း ပစ်ခတ်တိုက်ခိုက်၊ ဒဏ်ရာရ သေဆုံးမှုများသာ ဖြစ်ပေါ်နေသည်မဟုတ်ဘဲ ကိုဆူးတို့၏ မင်္ဂလာဧည့်ခံပွဲကဲ့သို့ ကြည်နူးဖွယ်ဖြတ်သန်းမှုများလည်း ရှိနေသည်။

၂၀၂၂ အောက်တိုဘာလကုန်ပိုင်းက ရိုက်ကူးထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ကလေးမြို့ တပ်ရင်း ၁ မှ ရဲဘော်တစ်ဦးနှင့် သူ၏ ဘဝကြင်ဖော်တို့၏ မင်္ဂလာပွဲကြိုဓာတ်ပုံတစ်ပုံ။

ပွဲကြိုဓာတ်ပုံ

ကိုဆူး၏ ချစ်သူများနေ့ မင်္ဂလာပွဲဖြစ်မြောက်ရေးအတွက် ကုန်ကျစရိတ်ကဲ့သို့သော အခက်အခဲတချို့ရှိသော်လည်း ကူညီအားပေးသူများ၏ ကျေးဇူးကြောင့် အဆင်ပြေခဲ့သည်။

“ဒီမှာရှိတဲ့ လူကြီးတွေ၊ ခံယူချက်တူတဲ့အသိတွေက တင့်တင့်တယ်တယ်ဖြစ်အောင် ဝိုင်းကူကြပါတယ်” ဟု ကိုဆူးက ပြောသည်။

ကိုဆူးကဲ့သို့ပင် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသူတို့၏ မင်္ဂလာပွဲအများစုတွင် တူညီကြသည့် အချက်မှာ မိသားစုဝင်များ မတက်ရောက်နိုင်ကြခြင်းပင်။ ခုခံတော်လှန်သူတို့ကို အာဏာသိမ်းဗိုလ်ချုပ်ကြီးများက အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားပြီး ဆက်စပ်သူများကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများနှင့် ဖမ်းဆီးတတ်သဖြင့် မိသားစုဝင်များမှာ လွတ်မြောက်နယ်မြေရှိ မင်္ဂလာပွဲများကို သွားရောက်ရန် ခက်ခဲနေတတ်သည်။

စစ်ပွဲကာလဖြစ်သောကြောင့် မင်္ဂလာပွဲကို သိုက်သိုက်ဝန်းဝန်း ခမ်းခမ်းနားနား ကျင်းပနိုင်ကြခြင်း မရှိပေ။

သို့သော်လည်း စမတ်ဖုန်း ပေါများသော ခေတ်ဖြစ်သောကြောင့် မင်္ဂလာပွဲကြို အလှဓာတ်ပုံ ရိုက်ကူးနိုင်သူတို့က ၎င်းတို့၏ ပွဲကြိုပုံများကို အွန်လိုင်းလူမှုကွန်ရက်တွင် တင်ပြီး မိတ်ဆွေများကို သူတို့၏ ချစ်ခရီးအကြောင်း အသိပေးနေကြသည်။

မှတ်တမ်းပုံများကို ကြည့်လျှင် တိုက်ပွဲနယ်မြေတွင် မင်္ဂလာဧည့်ခံပွဲ ဖြစ်မြောက်ရေးအတွက် လုပ်ဖော်ကိုင်ဖက်ရဲဘော်များ၊ အထက်အရာရှိများက အကောင်းဆုံး စီစဉ်ပေးထားမှန်း ခန့်မှန်းနိုင်ကြသည်။

လက်နက်ကိုင်တော်လှန်ရေးနယ်မြေများထဲတွင် အစားအစာ၊ အသုံးအဆောင် ခက်ခဲသည့် ဒေသများလည်း ရှိနေရာ ငှက်ပျောဖက်ပေါ်တွင် ခေါက်ဆွဲကြော် ခင်းပြီး သတို့သမီး၊ သတို့သား အပြန်အလှန် ခွံ့ကျွေးနေကြပုံ မှတ်တမ်းဓာတ်ပုံလည်း အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် ၂၀၂၁ အောက်တိုဘာတွင် တွေ့ခဲ့ရသည်။

စစ်စခန်းများ မည်သည့်နေရာတွင် ရှိသည်ကို အာဏာသိမ်းတပ်က သိသဖြင့် ရံဖန်ရံခါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တတ်ရာ တပ်စခန်းများတွင် ကျင်းပသော မင်္ဂလာပွဲများမှာ လေတပ်၏ ရန်ကို အချိန်မရွေး ရင်ဆိုင်ရနိုင်သည်။

ချစ်သူများနေ့မတိုင်မီ ၁ ရက်အလိုက စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ ကျေးရွာတစ်ရွာတွင် မင်္ဂလာပွဲတစ်ခု ကျင်းပသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထိုရွာကို ပစ်ခတ်ရာ ၇ နှစ်သမီးအပါအဝင် ဒေသခံ ၃ ဦး ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။

မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ မင်္ဂလာပွဲသို့ လက်နက်ကိုင်တော်လှန်ရေးသမားများ တက်ရောက်ခြင်းကြောင့် ထိုသို့ ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတို့က ယူဆနေကြသည်။

၂၀၂၁ ခုနှစ်က အထက်မြန်မာပြည်မှ လူငယ်နှစ်ဦး မြန်မာပြည်တောင်ပိုင်းတွင် ပြန်လည် ဆုံတွေ့ပြီး လက်ထပ်ခဲ့ကြသည်။

တော်လှန်ရေးမျိုးဆက်

တချို့သော စုံတွဲများမှာ အာဏာသိမ်းမှု မတိုင်ခင်ကပင် လက်ထပ်ရန် တဖြည်းဖြည်း ပြင်ဆင်လာကြသူများ ဖြစ်သည်။ စစ်အာဏာသိမ်းမှုနှင့် ရုတ်တရက် ရင်ဆိုင်ရပြီးနောက် လက်နက်ကိုင်တော်လှန်ရေးနယ်မြေများသို့ အတူရောက်သွားကြပြီးနောက် အခြေအနေပေးလျှင် ထိုနေရာမှာပင် လက်ထပ်လိုက်ကြသည့် စုံတွဲတချို့လည်း ရှိသည်။

အထက်မြန်မာပြည်မှ ၂၅ နှစ်အရွယ် ကိုအာကာက KNU နယ်မြေတွင် ၂၀၂၁ နှစ်လယ်ပိုင်း စစ်သင်တန်းတက်နေချိန်တွင် သူ၏ချစ်သူလည်း လုံခြုံရေးအခြေအနေအရ ထိုနေရာသို့ ရောက်လာသည်။ 

စစ်သင်တန်းအပြီး တာဝန်ခွဲသောအခါ မင်္ဂလာဆောင်တော့မည့် သူက နောက်တန်းတွင်သာ နေခဲ့ရသည်။ တော်လှန်ရေးအဖွဲ့များတွင် လက်နက်အရေအတွက် အကန့်အသတ်ကြီးမားသဖြင့် ရှေ့တန်းတွင် တာဝန်ထမ်းခွင့်ဆိုသည်မှာ ရဲဘော်တိုင်း မရနိုင်ပေ။

မကြာသေးခင်လများအတွင်းက ကော်သူးလေဒေသ ကရင်ပြည်နယ် နောက်တန်းစစ်စခန်းတွင် ရှိနေသည့် သူတို့ဇနီးမောင်နှံ ရင်သွေးရလာသည်။

“ကလေးနာမည်ကိုတော့ ကရင်နာမည်ပဲ ပေးထားတယ်၊ သူးလေဖောလို့ ပေးထားတယ်၊ ကော်သူးလေမှာ ပွင့်တဲ့ပန်းပေါ့ဗျာ” ဟု ကိုအာကာက ပြောသည်။

တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းကို လအနည်းငယ် သွားရောက် လေ့လာခဲ့သည့် Myanmar Now သတင်းထောက်က လက်နက်ကိုင်တော်လှန်ရေးသမား ၃ ဦး၏ စေ့စပ်ပွဲ၊ လက်ထပ်မင်္ဂလာပွဲများကို ကြုံခဲ့ရဖူးသည်။ ဒေသခံကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ခြင်းကြောင့် ရွာနီးချုပ်စပ်မှ စစ်ယူနီဖောင်းဝတ် မိတ်ဆွေများက မင်္ဂလာဆောင်ကို သေနတ်လွယ်ပြီး ရောက်လာကြသည်။

သတင်းထောက် ကြုံခဲ့ရသော နွေဦးတော်လှန်ရေးကာလ အညာမင်္ဂလာဆောင် နှစ်ခုတွင် ရေခဲမုန့်၊ ကိတ်မုန့်တို့ဖြင့် ဧည့်ခံသည်ကို တွေ့ခဲ့ရသည်။ မြို့ပြနှင့် ဝေးလံသော ဒေသတွင် အဆိုပါ အစားအစာများမှာ အလွယ်တကူ မရနိုင်ပေ၊ မြို့မုန့်နှင့် ဧည့်ခံသော မင်္ဂလာပွဲဟု ဆိုကြသည်။

ညနေပိုင်း ပြုလုပ်သည့် စေ့စပ်ကြောင်းလမ်းပွဲတစ်ခုတွင်မူ ထမင်းကျွေးပြီး ဧည့်ခံသည်။

မကွေးတိုင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ တာဝန်ခံတစ်ဦးက အင်အား အသင့်အတင့်ရှိသော ၎င်းတို့တပ်ဖွဲ့တွင် မင်္ဂလာပွဲမရှိသေးဟု ဆိုသည်။

“တပ်ထဲမှာ အချင်းချင်း ချစ်ကြိုက်ကြတာ၊ တခြားမဟာမိတ်အဖွဲ့နဲ့ တပ်ပြင်ပက ချစ်ကြိုက်ကြတာတွေ ရှိပါတယ်၊ သို့သော်လည်း အဲဒီလို လက်ထပ်ဖို့၊ အိမ်ထောင်ပြုဖို့ အထိတော့ မရှိသေးပါဘူး” ဟု PRA – Magway စစ်ရေးဆိုင်ရာတာဝန်ခံ ဗိုလ်ဟာကျူလီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောသည်။

PRA – Magway သည် ဖေဖော်ဝါရီ ၉ ရက်နေ့က မကွေးတိုင်း ငဖဲမြို့ရှိ စစ်တပ်၏ လက်နက်စက်ရုံကို သွားရောက်တိုက်ခိုက်ခဲ့သည့်အဖွဲ့ဖြစ်သည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ၏ ဗဟိုကော်မတီဝင် ကိုရေချမ်းက ၎င်းတို့၏ ရဲဘော်တစ်ဦး အဖွဲ့အစည်းပြင်ပမှ အမျိုးသမီးနှင့် အကြောင်းပါခဲ့သည်၊ စစ်ကောင်စီက လက်နက်ကိုင်ခုခံသူတို့နှင့် ဆက်စပ်သူဟု သံသယဖြစ်လျှင် ပစ်ခတ်သတ်ဖြတ်နေချိန်ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်တစ်ဦးကို လက်ထပ်ရဲသည့် ထိုအမျိုးသမီးငယ်၏ သတ္တိကို ချီးကျူးဂုဏ်ပြုကြောင်း ၂၀၂၂ နှစ်လယ်ပိုင်းတွင် Myanmar Now ကို ပြောသည်

တော်လှန်ရေးတာဝန်နှင့် အိမ်ထောင်ရေး

နိုင်ငံအနှံ့ တိုက်ပွဲများပေါ်ပေါက်နေရာ ပြည်သူတို့၏ဘဝများစွာ ပြောင်းလဲသွားသည်၊ ထိုအထဲတွင် စုံမက် ပေါင်းဖက်ကြခြင်းကဲ့သို့သော မင်္ဂလာရှိသော အပြောင်းအလဲများလည်း ပါဝင်သည်။

ချစ်သူများနေ့မတိုင်မီ ၁၁ ရက်အလိုကလည်း ကရင်ပြည်နယ်အခြေစိုက် Cobra Column လက်နက်ကိုင်အဖွဲ့က သူတို့၏ တပ်ထဲမှ စုံတွဲ ၅ တွဲအတွက် ပူးတွဲမင်္ဂလာပွဲကို တောတွင်း ဝါးရုံပင်များအောက်တွင် ရောင်စုံပူဖောင်းများချိတ်ဆွဲကာ ကျင်းပပေးခဲ့သည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ပြည်သူများ နေ့စဉ် ထိခိုက်ကြသလို သူတို့တပ်ထဲတွင်လည်း တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံး‌မှုကို ရံဖန်ရံခါ တွေ့နေရသဖြင့် စိတ်ထိခိုက်ရသည်ဟု ချစ်သူများနေ့တွင် ချစ်သူနှင့် လက်ထပ်လိုက်သည့် ကိုဆူးက ပြောသည်။

“ပြည်သူတွေ နေ့စဉ် ပြေးလွှားပုန်းရှောင်၊ ရွာတွေ မီးရှို့ခံထိနေတာတွေက နေ့စဉ်ပဲလေ၊ စိတ်ထိခိုက်တာက တစ်ပိုင်းပေါ့၊ အဲဒါတွေမြင်ပြီး စိတ်ဓာတ်လည်း ကျသွားလို့မရဘူး၊ ငါ ပိုကြိုးစားရမယ်လို့တော့ တွေးရတာပေါ့” ဟု သတို့သား ကိုဆူးက ဆိုသည်။

ကိုဆူးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ရဲတပ်ဖွဲ့၏ EPolice Station ခေါ် အွန်လိုင်းရဲဌာနတွင် တာဝန်ယူထားသလို တော်လှန်ရေးနှင့် ပတ်သက်သည့် အဖွဲ့တချို့အတွက်လည်း အကူအညီပေးနေသူဖြစ်ရာ သူ့အတွက် လုပ်ငန်းတာဝန် အများအပြားရှိနေသည်။

စိတ်တူကိုယ်တူ ဘဝလက်တွဲဖော် ဘေးမှာ ရှိနေသဖြင့် နိုင်ငံအပြောင်းအလဲဖော်ဆောင်ရေးအတွက် လုပ်လက်စလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဟု သတို့သား ကိုဆူးက ဆိုသည်။

“ကျွန်တော်ကတော့ အာဏာရှင်ပြုတ်ကျဖို့ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေတာပဲ၊ ဘယ်နေရာကပဲ ပါဝင်ရ ပါဝင်ရ အကုန်လုပ်ပါတယ်၊ တော်လှန်ရေးတာဝန် မလစ်ဟင်းအောင်လည်း ဂရုစိုက်ပါတယ်၊ လစ်ဟင်းမယ်လို့ တွေးမိခဲ့ရင် သေချာတယ် ကျွန်တော်တို့ မယူဖြစ်ဘူး” ဟု ကိုဆူးက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button