
(ရန်ကုန်) မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) နှင့်တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့တို့ လာမည့် ဇွန်လ ၁၁ သို့မဟုတ် ၁၂ တစ်ရက်ရက်တွင် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေး ညှိနှိုင်းသွားမည်ဟု ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောသည်။
“နံပါတ် (၁) က လွတ်လပ်စွာ သတင်းရပိုင်ခွင့်ကို ဆွေးနွေးမယ်။ နံပါတ် (၂) က မီဒီယာကောင်စီနဲ့ တပ်မတော်နဲ့ ပူးပေါင်းပြီး ခရီးထွက်ဖို့။ ဆိုလိုတာက ခုစိတ်ဝင်စားနေတဲ့ ကချင်ပြည်နယ်ခရီးစဉ်။ အဲဒီမှာ တပ်မတော်နဲ့ မီဒီယာကောင်စီနဲ့ တွဲပြီး သတင်းထောက်တွေကို ပို့ပေးမယ်။ အဲဒီအစီအစဉ်လေး။ အဲဒါကို ဆွေးနွေးဖို့ ကျွန်တော်တို့ ညှိနှိုင်းတယ်”ဟု ၎င်းကပြောသည်။
မေလ ၁၈ ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် သတင်းထောက်များ တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဦးစီးသည့် ဗိုလ်ချုပ်ထွန်းထွန်းညီ သို့မဟုတ် ဗိုလ်ချုပ်စိုးနိုင်ဦးတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ တွေ့မည့်နေရာကိုတော့ မသိရသေးပေ။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့ တာမွေ အဝိုင်းထိပ်“စစ်ပွဲရပ် ဆန္ဒပြပွဲ”တွင် သတင်းရယူနေသော သတင်းထောက်များကို အရပ်ဝတ်များက ခြိမ်းခြောက်၊ အကြမ်းဖက်၊ ရန်ပြုမှုများအပေါ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ကာကွယ်စောင့်ရှောက်မှုပေးရမည့်တာဝန်ရှိပါလျက် လျစ်လျူရှုခဲ့သည့်အပေါ်ကိုလည်း ရှုတ်ချကြောင်း ကြေညာချက်ကို ကောင်စီက ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်ကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သို့လည်း ဆက်လက်ပေးပို့သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
သတင်းမီဒီယာကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဖေမြင့်သည့် ပြန်ကြားဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး နှစ်နှစ်အကြာတွင် ကောင်စီ၏ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးအောင်လှထွန်းကို ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သဖြင့် ဟံသာဝတီဦးအုန်းကြိုင်က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းယူခဲ့သည်။