သတင်း

ချင်းတွင်းမြစ်အတွင်း သောင်တင်ထောက်ပို့ရေယာဉ်ကို PDF သိမ်းယူ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးတွင် သောင်တင်နေသည့် စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ်တစ်စင်းကို စီးနင်းသိမ်းပိုက်ကာ ရိက္ခာနှင့် လက်နက်ခဲများ သိမ်းယူထားသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ယနေ့ (ဖေဖော်ဝါရီ ၁၀) တွင် ပြောသည်။

မြို့တောင်ဘက် ၁၇ မိုင်ခန့်အကွာ သပြေတောရွာအနီး သောင်တင်နေသည့် ရေယာဉ်ကို ဇန်နဝါရီ ၃၁ ညပိုင်းတွင် တိုက်ခိုက် ရရှိခဲ့သည်။ ထိုရေယာဉ်နှင့် ပတ်သက်ပြီး မည်သို့ဆောင်ရွက်ရမည်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ ညွှန်ကြားချက် မရသေးကြောင်း ကျောက်လုံးကြီးအဖွဲ့က ပြောသည်။

“ကျွန်တော်တို့ သိမ်းဆည်းထားပါတယ်။ PDF ခရိုင်ကွပ်ကဲရေးမှူးရဲ့ လမ်းညွှန်ချက်နဲ့ ကျွန်တော်တို့ ဖျက်ဆီးချင်လည်း ဖျက်ဆီးပစ်မယ်” ဟု ကျောက်လုံးကြီးအဖွဲ့တာဝန်ခံက ပြောသည်။

သိမ်းခဲ့သည့် ပစ္စည်းများတွင် ဆီပီပါ အလုံး ၃,၀၀၀ ကျော်၊ ဆန်၊ ဆီ၊ ဆား၊ ရိက္ခာ၊ လက်နက်ခဲယမ်းတချို့ ပါဝင်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

မည်သည့်လက်နက်မျိုး ဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများကို ရိက္ခာနှင့် လက်နက်တင်ပို့ရန် ရည်ရွယ်သည်ဟု ယူဆရသည့် စစ်ကောင်စီရေယာဉ်အုပ်စု ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည်မှာ ၂ လ ကြာပြီ ဖြစ်သည်။

မြစ်ကြောင်းအခြေအနေအရ ရှေ့ဆက်မတိုးနိုင်သဖြင့် မုံရွာဘက်သို့ စုန်ဆင်းလာစဉ် သောင်တင်နေခြင်းဖြစ်သည်။

စက်လှေသိမ်းဆည်းရမိပြီးနောက် တစ်ပတ်နီးပါးအကြာ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် မုံရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က သပြေတော၊ အုန်းပင်ဆိပ်နှင့် နတ်လာပို့မြောက်ရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ခဲ့ရာ အိမ်ခြေ ၁၃၀ ကျော် ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ် မီးရှို့သွားသည့် နေအိမ်များကို တွေ့ရစဉ်

“၈ ရက်နေ့မှာ သပြေတောက အိမ်ခြေ ၈ လုံးလောက်ကို မီးရှို့တယ်။ ၉ ရက်နေ့ နောက်ကြောင်းပြန်ခေါက်လာပြီး မနက်မှာ အုန်းပင်ဆိပ်ရွာကို မီးရှို့တယ်။ အိမ်ခြေ ၃၀ ဝန်းကျင်လောက် ပါသွားတယ်။ ၉ ရက်နေ့ ညနေမှာ နတ်လာပို့ မြောက်ရွာကို မီးရှို့တယ်၊ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက် ပါသွားတယ်” ဟု ကျောက်လုံးကြီးအဖွဲ့တာဝန်ခံက ပြောသည်။

မီးငြှိမ်းသတ်နေရသည့် ဒေသကာကွယ်ရေးအဖွဲ့များ အလုပ်များနေစဉ် ထိုစစ်ကောင်စီစစ်ကြောင်း မုံရွာမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

စစ်တပ်က အိမ်မီးရှို့သည်၊ ရေယာဉ်အသိမ်းခံရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို ထိုဖြစ်ရပ်မျိုးကို စစ်ကောင်စီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြလေ့မရှိပေ။ မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်တပ်က ၎င်းတို့လက်ချက်မဟုတ်ဟု ပြောခဲ့ဖူးသည်။

မိုင်းဆွဲတိုက်ခိုက်မှု၊ ချုံခိုတိုက်ခိုက်မှုတို့နှင့် မကြာခဏ ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် ယမန်နှစ်မှစတင်ကာ ရိက္ခာလက်နက်ထောက်ပံ့ပို့ဆောင်ရေးအတွက် ချင်းတွင်းမြစ်ကြောင်းကို ပိုမိုအသုံးပြုလာပြီး မြစ်ကြောင်းအတွင်း စိုးမိုးနိုင်ရေး ကြိုးပမ်းလာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button