
ယမန်နေ့ (ဖေဖော်ဝါရီ ၉) နံနက်မိုးမလင်းမီ စစ်ကိုင်းတိုင်းအလယ်ပိုင်း ကန့်ဘလူမြို့နယ်နှင့် တန့်ဆည်မြို့နယ်များရှိ စစ်ကောင်စီလက်နက်ကိုင်တို့၏ စခန်းများကို စီးနင်းပြီး ဖျက်ဆီးခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။
ဖေဖော်ဝါရီ ၈ ညသန်းခေါင်မှ စတင်၍ ကန့်ဘလူမြို့နယ် ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းဘေးရှိ စံပါယ်နံ့သာရွာရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ကန့်ဘလူခရိုင် တပ်ရင်းများက ဝင်ရောက်စီးနင်းခဲ့သည်။
နောက်တစ်နေ့ နံနက် ၅ နာရီကျော်အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း ကန့်ဘလူခရိုင် PDF တပ်ရင်း (၃) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သွပ်ဆူးကြိုးတွေဖြတ်ပြီး အထဲကို ဝင်နိုင်ခဲ့တယ်။ သူတို့ အခိုင်အမာဆောက်ထားတဲ့ ဘန်ကာ နှစ်ခုကိုလည်း ဖျက်ဆီးထားနိုင်ခဲ့တယ်။ စခန်းတစ်ခြမ်း(အဆောက်အအုံတချို့) ကို မီးရှို့နိုင်လိုက်တယ်” ဟု သူက ဆိုသည်။
အဆိုပါရဲစခန်းတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးများ အပါအဝင် လက်နက်ကိုင် ၈၀ ခန့် ရှိသဖြင့် အလွယ်တကူ တိုက်ခိုက်နိုင်ခြင်း မရှိကြောင်း၊ အနီးကပ်ပစ်ခတ်သော်လည်း လေကြောင်းရန် သတိပေးချက်ကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။
အနီးကပ်တိုက်ပွဲတွင် ထိရောက်သော လက်ပစ်ဗုံးကို အများအပြား အသုံးမပြုနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင် PDF တပ်ရင်း (၃) တာဝန်ရှိသူက ဆိုသည်။
“သူတို့က ကတုတ်တွေထဲကနေ ခုခံတာ။ အနီးကပ် မီတာ ၅၀ လောက် ရောက်ပြီဆိုတော့ ကျွန်တော်တို့ အားနည်းချက်ဖြစ်တာက ကျွန်တော်တို့မှာ လက်ပစ်ဗုံးတွေ ဖောဖောသီသီ မသုံးနိုင်တော့တာပေါ့။ အရမ်းကပ်တော့ လက်ပစ်ဗုံးတွေ လိုတာပေါ့၊ သူတို့က ကတုတ်ထဲက၊ ကျွန်တော်တို့က ဗြောင်ပေါ်ကနေ ဝမ်းလျားမှောက်ပြီး တက်ရတာ”
PDF ဘက်မှ ဒဏ်ရာရသူတချို့ ရှိသလို ရဲစခန်း ကတုတ်ကျင်းများထဲတွင် စစ်သားအလောင်းအချို့ တွေ့ရသော်လည်း မည်မျှသေဆုံးသည်ကို အတည်မပြုနိုင်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ထို့နေ့ တစ်ရက်တည်း တစ်ချိန်တည်းပင် ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်အစပ်ရှိ စိန်နားကျေးရွာ စစ်ကောင်စီအခြေစိုက်စခန်းကို စီးနင်းတိုက်ခိုက်စဉ် PDF က သေနတ် နှစ်လက် ရရှိခဲ့သည်။

ဖေဖော်ဝါရီ ၉ သန်းခေါင်ယံတွင် တန့်ဆည်မြို့မြောက်ဘက် နှစ်မိုင်အကွာ အင်္ကုက္ကားကျေးရွာရှိ ပျူစောထီးအထိုင်စခန်းကို ရွှေဘိုခရိုင် PDF တပ်ရင်းများနှင့် ဒေသခံပကဖအဖွဲ့က စီးနင်းခဲ့ကြောင်း သိရသည်။
တစ်နာရီနီးပါးကြာ တိုက်ပွဲတွင် စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ် PDF ပြန်ကြားရေးခေါင်းဆောင်တစ်ဦးက ပြောသည်။
စစ်သားနှင့် ပျူစောထီး အင်အား ၄၀ ခန့် တပ်စွဲထားသည့် အဆိုပါစခန်းစီးနင်းမှုတွင် စစ်ကောင်စီတပ် သေဆုံးမှုများသလို ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ PDF ရဲဘော်တစ်ဦးနှင့် ပကဖအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။
“ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ ထိတာပေါ့။ သူတို့က (နောက်ဆုတ်တဲ့အချိန်) တိုက်တွေမှာ နေရာယူပြီး ပွိုင့်တွေ ချထားတာ။ တစ်ပွိုင့်ပြီး တစ်ပွိုင့် (PDF က) တက်ရှင်းတဲ့အချိန်မှာ ကျသွားတာ”
၂၀၂၂ ဒီဇင်ဘာကလည်း အထက်ပါရွာနှင့် တစ်မိုင်အကွာရှိ ဆင်ငယ်ရွာ ပျူစောထီးစခန်းကို PDF များက စီးနင်းတိုက်ခိုက်ရာ ပျူစောထီး ၃၀ ခန့် သေဆုံးပြီး PDF က သေနတ် ၁၀ လက် ရရှိခဲ့သည်။ ထိုတိုက်ပွဲအပြီး ဆင်ငယ်ရွာတွင် ပျူစောထီးများ ထပ်အခြေချခြင်း မရှိတော့ပေ။
ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်တော့မည်ဖြစ်သဖြင့် ပျူစောထီးများအနေဖြင့် စစ်တပ်ကို အမြန်ဆုံးစွန့်ခွာရန် ကန့်ဘလူခရိုင် တပ်ရင်း ၃ တာဝန်ရှိသူက တိုက်တွန်းထားသည်။
“ကျွန်တော်တို့က အမာရှောင်ပြီး အပျော့ကို တိုက်နေမှာပဲ။ (ပျူတွေအနေနဲ့) ခုနောက်ပိုင်း အမြင်မှန် ရသင့်ပြီ။ ပြည်သူနဲ့ လက်တွဲပါ၊ ခုနောက်ပိုင်း ကျွန်တော်တို့ရဲ့ ဦးတည်ရာလမ်းကြောင်းက သူတို့ဆီ လာမှာ” ဟု သူက ဆိုသည်။
လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းရာ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ပျူစောထီးများကို လေ့ကျင့်သင်ကြားပေးကာ လက်နက်တပ်ဆင်ပေးထားသည်။
စစ်တပ်နှင့် ရဲကို အထောက်အကူပြုနိုင်ရန် ပြည်သူ့စစ် ၇၇ ဖွဲ့ကို လက်နက် ၂၀၀၀ ကျော် တပ်ဆင်ပေးထားကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က အာဏာသိမ်းခေါင်းဆောင်ကို တင်ပြခဲ့သည့် အစည်းအဝေးမှတ်တမ်းအရ သိရသည်။
စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များကို စစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် ဖွဲ့စည်းတတ်သည်။
မြို့နယ်တချို့တွင်မူ ဒေသခံတို့ကို ခြိမ်းခြောက်ကာ ထိုအဖွဲ့တွင် ထည့်သွင်းထားတတ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)