သတင်း

ချင်းတွင်းမြစ်အထက်ပိုင်းရှိ ရွှေပြည်အေးမြို့သစ်ကို PDF များ ဆက်သိမ်းထား

ချင်းတွင်းမြစ်အထက်ပိုင်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်း စစ်တပ်နှင့် ပျူစောထီးများ နေရာယူထားသည့် ရွှေပြည်အေးမြို့သစ်ကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ယနေ့အချိန်ထိ ထိန်းချုပ်ထားသည်ဟု သိရသည်။

ဟုမ္မလင်းမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေပြည်အေးမြို့သစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ခန္တီးခရိုင် အမှတ် (၁) PDF တပ်ရင်းနှင့်အတူ ဟုမ္မလင်းအခြေစိုက် PDF အဖွဲ့များဖြစ်သည့် HPDF, HPDF 124, HPDF (မိုးကြိုး) တို့ပါဝင်သည့် မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ချင်းတွင်းမြစ်ရှိ ရွှေပြည်အေးမြို့သစ်ကို စစ်ရေးဗျူဟာအရ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီအဖွဲ့များ နှစ်ဖက် အင်အားရာချီ၍ ရင်ဆိုင်တိုက်ပွဲများ ယနေ့အချိန်ထိ ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီက ရေလမ်းကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းနေသော်လည်း မြို့ကို သိမ်းထားဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နီးစပ်သူထံမှ သိရသည်။​

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်ခုခံတော်လှန်မှုများ ပြင်းထန်နေရာ ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က တစ်နိုင်ငံလုံး မြို့နယ်ပေါင်း ၃၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ခန့်သာ ထိန်းချုပ်နိုင်ကြောင်း ဝန်ခံထားသည်။

အရေးပေါ်ကာလ နှစ်နှစ်ပြည့်ပြီးနောက် သက်တမ်းခြောက်လတိုးထားသည့် စစ်ကောင်စီက ယမန်နေ့တွင် မြို့နယ်ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ စစ်ကိုင်းတိုင်းသည် ၁၁ မြို့နယ်ဖြင့် အများဆုံးဖြစ်သည်။

သုံးရက်မြောက်ရှိလာပြီဖြစ်သော်လည်း ရွှေပြည်အေးမြို့သစ်ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်ဟု မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် HPDF 124 အဖွဲ့ မှ ကိုမောင်တူးက ယနေ့ (ဖေဖော်ဝါရီ ၃) ပြောသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ဘက်က ၉၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်တုန်းပါပဲ” ဟု ၎င်းက ယနေ့နံနက်ပိုင်း ဆက်သွယ်မေးမြန်းရာတွင် ပြောသည်။

အာဏာသိမ်းမှု နှစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ရွှေပြည်အေးမြို့သစ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းများကို PDF အဖွဲ့များက ဝင်ရောက်စီးနင်းကာ မြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် တိုက်ပွဲဆက်ဖြစ်သည်ဟု သိရသည်။​

“ကျွန်တော်တို့ဘက်က “(ဖေဖော်ဝါရီ ၁) မနက်ပိုင်း ၆ နာရီလောက် စတိုက်ပြီးမှ ၉ နာရီ ၁၀ နာရီ လောက်မှာ မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကို ဝင်သိမ်းထားနိုင်ပြီ။ နောက်ဆုံးကျန်တဲ့ စခန်းကုန်းကို ဝင်သိမ်းမယ့်အချိန်မှာ သူတို့ဘက်က လေကြောင်းပစ်ကူ သုံးကြိမ်လောက် လာပစ်လို့ ကိုယ့်ဘက်က နည်းနည်း ပြန်ဆုတ်ပေးထားရတဲ့ အခြေအနေပါ” ဟု ကိုမောင်တူးက ပြောသည်။  

မြို့ကို စီးနင်းတိုက်ခိုက်စဉ် နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိပြီး PDF များဘက်မှ တစ်ဦးသေဆုံးကာ တစ်ဦး မစိုးရိမ်ရဒဏ်ရာရသည်ဟုလည်း သိရသည်။ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု PDF အဖွဲ့များက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေပြည်အေးမြို့သစ်ကို သိမ်းပိုက်ထားကြောင်း NUG လက်အောက်ရှိ ခန္တီးခရိုင် အမှတ် (၁) PDF တပ်ရင်းက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရွှေပြည်အေးမြို့ကို ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်ကာ နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း ၎င်းတို့ဘက်မှ ကျဆုံးသူ နှစ်ဦးမှ သုံးဦးအထိ ရှိနိုင်ကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ယနေ့ ပြောသည်။

“နှစ်ယောက် သုံးယောက်ရှိနိုင်တယ်။ မနက်က တစ်ယောက်ကျတယ်။ စကစဘက်က ဖောင်းပြင်ကနေ အမြန်ရေယာဉ်နဲ့ စစ်ကူလာတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီဘက်မှ အင်အား ၂၀၀ အထက်ရှိနိုင်ပြီး PDF များဘက်မှလည်း အင်အားရာဂဏန်းရှိသည်ဟုလည်း သိရသည်။​

ရွှေပြည်အေးမြို့သစ်မှာ နအဖစစ်အစိုးရလက်ထက်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်အရ ရပ်ကွက် ၁၁ ခုနှင့် အိမ်ခြေ ၄၈၀ နီးပါးရှိပြီး လူဦးရေ ၂၅၀၀ ကျော် နေထိုင်သည်ဟု သိရသည်။​

ရွှေပြည်အေးမြို့သစ်တွင် စစ်ကောင်စီ၏ ကင်းစခန်းငါးခုရှိသည့်အနက် ချင်းတွင်းမြစ်ကမ်းဘေး ကုန်းမြင့်ပေါ်ရှိ ရဲကင်းမှလွဲ၍ ကျန်စခန်းလေးခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း HPDF 124 အဖွဲ့မှ ကိုမောင်တူးက ပြောသည်။

မြစ်ကမ်းနဖူးရှိ ကင်းစခန်းတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အပါအဝင် စစ်တပ်နှင့်အတူ အရပ်ဝတ်လက်နက်ကိုင် အင်အား ၆၀ ခန့် နေရာယူထားသည်ဟု သိရသည်။​ SNA မှာ ရှမ်းနီများအရေးအတွက် ထူထောင်ထားသော အင်အားစုဆိုသော်လည်း စစ်ကောင်စီတပ်များနှင့်အတူ လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။

စစ်ကောင်စီက ရေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းနေရာ ဒေသခံများအနေဖြင့် ဟုမ္မလင်း – ရွှေပြည်အေးနှင့် ရွှေပြည်အေး – ဖောင်းပြင်သို့ ရေလမ်းအသုံးပြု ခရီးသွားလာခြင်း မရှိရန် ခန္တီးခရိုင် အမှတ် (၁) PDF တပ်ရင်းက သတိပေးချက်ထုတ်ထားသည်။​

ခြေမြန်နှင့် ခြေလျင်တပ်ရင်းများရှိရာ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့အကြားရှိ ရွှေပြည်အေးမြို့သစ်ကို ဒေသကာကွယ်ရေးအဖွဲ့များအနေဖြင့် ရေရှည်ထိန်းချုပ်ထားနိုင်ရန် ခက်ခဲနိုင်သည်ဟူသော သုံးသပ်ချက်လည်း ရှိသည်။ ဟုမ္မလင်းမြို့တွင် အမှတ် ၂၂၂ ခြေလျင်တပ်ရင်းနှင့် ခမရ ၃၆၉ နှင့် ခမရ ၃၇၀ တို့ရှိပြီး ဖောင်းပြင်၌ ခမရ ၃၆၇ နှင့် ခမရ ၃၆၈ တို့ အခြေစိုက်သည်။

ရွှေပြည်အေးမြို့အနီး ချင်းတွင်းမြစ်ဘေးရှိ ရွာများသည်လည်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ ၈၉၁ တပ်ရင်း ထိန်းချုပ်နယ်မြေများဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် SNA သည် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် အဓိကလှုပ်ရှားပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် စစ်ရေးအရ ပူးပေါင်းလှုပ်ရှားမှုများ ရှိသည်ဟုလည်း ဒေသခံကာကွယ်ရေးအဖွဲ့များက ထုတ်ဖော်ပြောဆိုထားသည်။

ရွှေပြည်အေးမြို့တွင် စစ်တပ်နှင့် SNA တပ်ဖွဲ့ဝင်များ ပါဝင်သည်ဆိုသော အချက်နှင့် ပတ်သက်၍ SNA တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button