သတင်း

အရာတော် အရပ်သား ၇ ဦးသေဆုံးမှုအတွက် စစ်တပ်နှင့် PDF အပြန်အလှန်စွပ်စွဲနေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာတိုက်ပွဲတွင် အရပ်သားများထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့ အပြန်အလှန် စွပ်စွဲနေကြသည်။

ဇန်နဝါရီ ၂၇ ရက် နေ့လယ်က အရာတော်မြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာ မူးမြစ်အနောက်ဘက်ကမ်းရှိ သလဲဘာရွာ၌ တစ်နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်တပ်၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများကို ပူးပေါင်းအဖွဲ့က ဝင်တိုက်ခဲ့သည်။

လသားအရွယ်ကလေး အပါအဝင် အနည်းဆုံး ၇ ဦး သေဆုံးသည်၊ စစ်တပ် ထောင်ထားခဲ့သော မိုင်းကြောင့် ဖြစ်သည်ဟု ပူးပေါင်းအဖွဲ့က ဆိုသည်။

သေဆုံးသူများမှာ ၁၃ နှစ်အရွယ် မမုန့်လုံး၊ အသက် ၃၀ အရွယ် မလွင်မာဦး၊ ၃၇ နှစ်အရွယ် မလွင်မာအေးနှင့် ခင်ပွန်းသည် အသက် ၃၀ အရွယ် ကိုဂဠုန်၊ လသားအရွယ် သမီးငယ်၊ ၃၂ နှစ်အရွယ် ကိုဇော်ဝင်းကိုနှင့် ဇနီးသည်တို့ ဖြစ်ကြောင်း သလဲဘာရွာ ဒေသခံများကို ကိုးကားပြီး အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က တိုက်ပွဲတွင်းမှာ လက်နက်ကြီးသံ၊ သေနတ်သံတွေ ကြားတော့ ကြောက်ပြီးတော့ ခွေးတွေ ထောင်ထားတဲ့ စာသင်ကျောင်းဘေးကို ပြေးပုန်းတာ၊ ပြေးပုန်းတော့ နင်းမိုင်းကွင်းထဲကို ရောက်ပြီးတော့ နင်းမိုင်းမိပြီး တစ်ခါတည်း ဆုံးသွားတာ။ သူတို့ရွာခံတွေထဲက ပြောပြတာ” ဟု သူက ဆိုသည်။

မူးမြစ်ကမ်းဘေးရှိ သလဲဘာရွာသည် အိမ်ခြေ ၅၀၀ နီးပါးရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး အာဏာသိမ်းပြီး မကြာမီပင် ပျူစောထီးများ အခြေချတပ်စွဲကာ အနီးအနားကျေးရွာများကို မကြာခဏ စီးနင်း မီးရှို့နေကြောင်း အရာတော်ဒေသခံများက ပြောသည်။

စစ်ကောင်စီကမူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စုစုပေါင်း ၉ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဇန်နဝါရီ ၂၈ တွင် သတင်းထုတ်ပြန်သည်။ သေဆုံးသူတို့မှာ ဘုန်းကြီး ၁ ပါး၊ အမျိုးသမီး ၃ ဦး၊  အမျိုးသား ၅ ဦးဖြစ်သည်ဟု ဆိုသည်။

သလဲဘာရွာ တိုက်ပွဲ

သလဲဘာကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးခန့်နှင့် ပျူစောထီးများကို ဒေသခံကာကွယ်ရေးအဖွဲ့များက နေ့လယ်ပိုင်းမှစတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ကျေးရွာအနီး ချဉ်းကပ်ကာ သုံးဘက် ညှပ်၍ ကာကွယ်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ညသန်းခေါင်အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“အဝေးပစ်တွေနဲ့ စပစ်တယ်။ ညနေ ၅ နာရီနောက်ပိုင်းမှာ ရွာကို ကပ်လို့ရတော့ လက်နက်ငယ်တွေနဲ့ ပျူစခန်းကို ဝင်တိုက်တာပါ။ ည ၁၁း၁၅ လောက်မှာ ပြီးတယ်” ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် PDF စစ်ကိုင်းခရိုင် တပ်ရင်း ၁ မှ တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောသည်။

ထိုရွာမှ နေအိမ် ၈၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်၊ PDF များလက်ချက်ဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးဒေသခံများကို ၂၀၂၂ နိုဝင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ -မိုးဦး/Myanmar Now)

အရာတော်မြို့နယ်ပကဖတာဝန်ရှိသူကမူ စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်ကြောင့် မီးလောင်ခြင်းဖြစ်သည်ဟု ပြောသည်။

“ကင်းကို ဝင်စီးချိန်မှာ လက်နက်ကြီးတွေ ၆၀ တွေ ထုတာ ၁၀ ချက်လောက် အနည်းဆုံးရှိတယ်။ လက်နက်ကြီးတွေ ထုတာကနေ မီးလောင်ပြီး လေတိုက်ရာကနေ ကူးစက်ကုန်တာ။ သူတို့က တစ်ရွာလုံးကို ဖြန့်ထုတာ။ ကာကွယ်ရေးအဖွဲ့တွေက ရွာကို ပတ်ပတ်လည် ဝိုင်းပြီး ဝင်တာ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် တစ်မျက်နှာမှ မကျန်ဘူး။ ဝင်တော့ သူတို့က ပတ်ပတ်လည်ကို ထုတာ” ဟု သူက ပြောသည်။

NUG လက်အောက်ခံ စစ်ကိုင်းခရိုင် PDF တပ်ရင်း ၁၊ တပ်ရင်းမှူး ဗိုလ်ယက္ခကလည်း အရပ်သားသေဆုံးမှုများ၊ နေအိမ်မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်မည်မဟုတ်ဟု တုံ့ပြန်သည်။

“ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အလုပ်လုပ်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ရပါတယ်။ အဲ့လို လုပ်တဲ့အခါမှာ ရန်သူကို အဓိကထားပြီး တိုက်ခိုက်ချေမှုန်းတာ ဖြစ်ပါတယ်။ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးတာ၊ အဖျက်အမှောင့်လုပ်ငန်းတွေကို လုံးဝမလုပ်ဘူးဆိုတာကို အသိပေးချင်ပါတယ်” ဟု ဗိုလ်ယက္ခက ဆိုသည်။

ထိုနေ့တိုက်ပွဲကြောင့် သလဲဘာရွာခံအချို့မှာ ပျူစောထီးများ တပ်စွဲထားရာ စပါးတွင်းရွာသို့ ထွက်ပြေးတိမ်းရှောင်သွားပြီး သလဲဘာရွာခံအချို့ကို ကာကွယ်ရေးအဖွဲ့များက ကယ်ထုတ်ပေးခဲ့သည်။

“အသက်အရွယ်ကြီးရင့်တဲ့သူတွေ၊ မကျန်းမာတဲ့သူတွေကို ဘေးလွတ်ရာကို ကယ်ထုတ်ပေးခဲ့ရတယ်။ အဝေးမှာ ပို့ခဲ့ရတယ်။ …သူတို့က ရွာနီးချုပ်စပ်မှာ လှည်းတွေ နွားတွေနဲ့ ကလေးတွေရော၊ မိန်းမငယ်တွေရော တစ်စုတည်းထိုင်နေကြလို့။ ကျွန်တော်တို့လက်နက်ကြီးကျတော့ မီးလောင်နေတဲ့ အချိန်မှာ အဘိုးတွေ၊ အဘွားတွေ၊ မပြေးနိုင်တဲ့သူတွေရှိတယ်။ ခေါ်ပေးပါဆိုလို့ ဝင်ခေါ်ပြီးတော့ လွတ်ရာကို ပို့ပေးခဲ့ရတယ်” ဟု အထက်ပါ အရာတော်ပကဖတာဝန်ရှိသူက ပြောသည်။

သလဲဘာရွာမှ ကယ်ထုတ်ခဲ့သူများအား ဘေးလွတ်ရာရှိ သွားလိုရာ ကျေးရွာများသို့ ကူညီပို့ဆောင်ပေးပြီးဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ပြင်းထန်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲအပြီး နောက်တစ်နေ့ ဇန်နဝါရီ ၂၈ ရက်မှစတင်၍ သလဲဘာရွာကို ပျူစောထီးအင်အား ၆၀ နီးပါး ထပ်မံဖြည့်တင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းကာလ ၂ နှစ် ကြာပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် နိုင်ငံအနှံ့ အုပ်ချုပ်ရေးယန္တရား အပြည့်အဝ လည်ပတ်နိုင်ခြင်းမရှိသေးဘဲ လက်နက်ကိုင်ခုခံတော်လှန်မှုများ အရှိန်အဟုန်ကောင်းနေဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button