သတင်း

ကျုံဒိုးမြို့အနီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူ ၂၀,၀၀၀ ခန့်ရှိလာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အနီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ဒေသခံ ၂၀,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း စစ်ဘေးဒုက္ခသည်များကို ကူညီနေသူနှင့် ဒေသခံတို့က ပြောသည်။

ဇန်နဝါရီ ၂၀ မှ ၂၆ ရက်နေ့အထိ ကျုံဒိုးမြို့ ဟောင်သရောမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာအချို့၌ ကရင်ဒေသတော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို ရင်ဆိုင်နေခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် သရက်တော၊ ညောင်ရိပ်သာ၊ ကမ်းနီ၊ တံတားဦး၊ ကော့လျှမ်း၊ ကော့ခိုက်၊ ကော့ဟလပ်၊ ကော့ကျိုက်၊ ကော့ကာ၊ မိဂလုံ၊ ကမ်းမလိုက်ကျေးရွာများမှ ဒေသခံ ၁၅,၀၀၀ ထက်မနည်းနှင့် ကျုံဒိုးမြို့ပေါ်မှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ သံလှယ်၊ ကော့မိ၊ ကော့ပလိုင်၊ ကော့ဘိန်း၊ ကော့ဂူ စသည့်မွန်ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေသူများကို ကော်မတီတစ်ခု ဖွဲ့ပြီး ကူညီနေကြောင်း ဆရာတော်တစ်ပါးက မိန့်သည်။

“တခြားဘက် ပြေးတဲ့လူကတော့ လူဦးရေ မသိဘူး။ မော်လမြိုင်ဘက် ပြေးတဲ့သူလည်း ရှိတယ်။ ရန်ကုန်ရောက်သွားတဲ့သူလည်း ရှိတယ်။ မော်လမြိုင်ဘက်က မွန်ဘုန်းကြီးကျောင်းတွေလည်း လူအပြည့်ပဲ” ဟု ဆရာတော်က ဆိုသည်။

လက်ရှိတွင် တစ်ရွာလျှင် အမျိုးသား ၁၀ ယောက်ခန့်သာ ရွာများကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ကြောင်း၊ ရွာခံများ အိမ်မပြန်ရဲသေးကြောင်း ကမ်းနီရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“တခြားရွာတွေလည်း ကမ်းနီးလိုပဲ။ ရွာမှာ လူတစ်ယောက်မှ မတွေ့ဘူး။ လူလည်း မကျန်ဘူး၊ ဘုန်းကြီးလည်း မကျန်ဘူး” ဟု ဇန်နဝါရီ ၂၄ ရက်နေ့က ရွာကို ခေတ္တပြန်ကြည့်စဉ် မြင်တွေ့ခဲ့ရပုံကို ၎င်းက ပြောသည်။

တိုက်ပွဲများအတွင်း ကမ်းနီကျေးရွာတွင် နေအိမ် ၂၆ လုံးနှင့် ညောင်ရိပ်သာကျေးရွာတွင် ၂၂ လုံး ပျက်စီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ကျုံဒိုးမြို့အနီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသူများ

ဇန်နဝါရီ ၂၄ နံနက်ပိုင်းက ကမ်းနီကျေးရွာရှိ ပြည်သူ့စစ် ဦးထွန်းလွင်၏နေအိမ်ကို ကရင်ပူးပေါင်းတပ်များက မီးရှို့ရာမှ အခြားနေအိမ် ၂၂ လုံးကို မီးကူးခဲ့ကြောင်း ရွာခံများထံမှ ကြားသိရသည်ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂၆  မွန်းလွဲပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလင်း၏ နေအိမ်ကို ကရင်ပူးပေါင်းတပ်များက မီးရှို့ခဲ့သည်ဟု ပြောသည်။

ထို့အပြင် ကမ်းနီကျေးရွာအတွင်း မည်သည့်အကြောင်းကြောင့် ပျက်စီးသည်ကို မသိရသည့် အိမ် ၁ လုံး၊ စစ်တပ် လက်နက်ကြီးကြောင့် ပျက်စီးသည့်နေအိမ် ၂ လုံး ရှိသည်ဟု ဆိုသည်။

ဇန်နဝါရီ ၂၁ တွင် စစ်တပ်က ကမ်းနီရွာအတွင်း ရောက်ရှိလာပြီး ညဘက်တွင် ပြန်ထွက်သွားကြောင်း၊ နောက်တစ်နေ့တွင် ကရင်ပူးပေါင်းတပ်များ ရောက်လာကာ တိုက်ပွဲဖြစ်ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၂၆) တွင် ပြန်ဆုတ်သွားကြောင်း အထက်ပါ ရွာခံက ပြောသည်။

နောက်ထပ် ကမ်းနီရွာခံ အမျိုးသားတစ်ဦးကမူ ပြည်သူ့စစ်နေအိမ်နှင့် အုပ်ချုပ်ရေးမှူးနေအိမ်မှလွဲ၍ အခြားအိမ်များမှာ လက်နက်ကြီးထိသဖြင့် ပျက်စီးခြင်းဖြစ်ကြောင်း ပြောသည်။

“မီးကူးပြီး လောင်တာ မဖြစ်နိုင်ဘူး၊ ဒုံးကျည်(လက်နက်ကြီး) ဟိုကနေ ပစ်လာတော့ တည့်နေတယ်။ တချို့တိုက်တွေဆိုတော့ တစ်ခြမ်းပြိုတာတို့ ဘာတို့ အများကြီးဖြစ်တယ်။ သစ်သားအိမ်လည်း ဒုံးကျည် (လက်နက်ကြီး) ထိတဲ့အတွက် သူ့အလိုလိုကို လောင်တာ” ဟု ၎င်းက ဆိုသည်။

နေအိမ်များ မီးမကူးရန် ကရင်ပူးပေါင်းတပ်များက ကူညီကာ မီးငြှိမ်းသတ်ပေးသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

မွန်သတင်းဌာနတစ်ခုဖြစ်သည့် MEN 3 သတင်းဌာန၏ ရုပ်သံသတင်းတစ်ခု၌ ကရင်ပူးပေါင်းတပ်များက မီးငြှိမ်းရန် မီးသတ်ကား ရှာဖွေသော်လည်း သော့မရှိသဖြင့် ပြန်လာရကြောင်း၊ ထို့နောက် မီးသတ်ဆေးဘူးများဖြင့် ငြှိမ်းသတ်သော်လည်း မနိုင်ခဲ့ကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့ ကမ်းနီရွာတွင် နေအိမ်များ မီးလောင်ချိန်၌ ထွက်ပြေးလာသည့် အမျိုးသမီးတစ်ဦးက ဖြေဆိုထားသည်။

ကျုံဒိုးမြို့အနီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသူများ

Myanmar Now အနေဖြင့် မီးလောင်သည့်ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူနှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

KTLA ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါးဦးဆောင်သည့် Lion Battelion Commando – ဗျူဟာစစ်ကြောင်း၊ KNU/KNDO အမှတ် (၆) တပ်ရင်း၊ ဂဠုန်စစ်ကြောင်းနှင့် DKBA စစ်ကြောင်းများ ပူးပေါင်းကာ ကော့ကျိုက်၊ အံဂလုံနှင့် ကမ်းနီကျေးရွာအတွင်း တပ်လာစွဲသည့် စစ်တပ်ကို တိုက်ခိုက်ခဲ့သည်ဟု Lion Battelion Commando က ယမန်နေ့က ထုတ်ပြန်ထားသည်။

၆ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၉၀ ကျော် သေဆုံးကာ ကရင်ပူးပေါင်းတပ်များဘက်က ၃ ယောက် သေဆုံးကြောင်း၊ စစ်ကောင်စီက ကမ်းနီရွာအတွင်း လက်နက်ကြီး အကြိမ် ၂၀၀ ကျော် ပစ်ခတ်မှုကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Lion Battelion Commando က ဆိုသည်။

ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ကျုံဒိုးမြို့နှင့် ၇ မိုင်ခန့်အကွာ မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူ မြို့လယ်ရှိ စစ်ထောက်လှမ်းရေးရုံး (စရဖ)၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးဌာနရုံး (လဝက)၊ စည်ပင်သာယာရုံးတို့ မီးရှို့ခံရသည်။ 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ကော့ကရိတ်မြို့ပေါ် ဌာနဆိုင်ရာ ရုံးများကို ကရင်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်မြို့နယ်အပိုင် မွန်-ကရင်နယ်စပ် ကော့ဘိန်းနှင့် ကော့တုံကျေးရွာ ရဲစခန်းနှင့် BGF ကင်းစခန်းများ ဇန်နဝါရီ ၁၆ ရက်နေ့က တိုက်ခိုက်ခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button