သတင်း

ဟားခါးတွင် စစ်သား ၂ ဦး ပစ်သတ်ခံရပြီးနောက် အရပ်သား ၁၀ ဦး ဖမ်းခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့တော်တွင် ယမန်နေ့ (ဇန်နဝါရီ ၂၅) နံနက်ပိုင်း  တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသည် အထိ တိုက်ခိုက်ခံရသည့် စစ်တပ်က နေ့ခင်းပိုင်းတွင် ရပ်ကွက်အတွင်း သွားရောက်ကာ အရပ်သားများကို ဖမ်းပြီး ညနေပိုင်းတွင် နေအိမ်များကို ဖြိုချလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲ ကလေးများလည်း  ပါဝင်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF)  ဆိုသည်။

“အတိအကျတော့ မသိရသေးဘူး။ ၁၀ ယောက်လောက်လို့ ကြားထားတယ်။ ကလေးငယ်လေးတွေ ပါတယ်။ ကလေးငယ်တွေဆိုရင် ကြောက်လို့ ငိုပြီးတော့ စစ်ကောင်စီတွေကလည်း အတင်းဆွဲခေါ်သွားတယ်”ဟု CDF ဟားခါး ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ယင်းညနေတွင် စစ်သား ၂ ဦး တိုက်ခိုက်ခံရသည့်နေရာအနီးရှိ နေအိမ် ၂ လုံးကို  JCB အမျိုးအစား မြေထိုးစက်ယန္တရား သုံးပြီး   ဖြိုဖျက်ခဲ့ကြောင်း  သိရသည်။

“ပစ်ခတ်မှုဖြစ်ပွားတဲ့ဘေးက အိမ်နှစ်အိမ်ကို JCB နဲ့ဖြိုချတာပေါ့လေ။ အဲ့ဒီအိမ်ကလည်း မိသားစုတွေ နေတဲ့နေရာ၊ အရပ်သား ပြည်သူတွေ နေတဲ့နေရာ။ အဲ့ဒီပစ်ခတ်မှုနဲ့က လုံးဝ မသက်ဆိုင်တဲ့အိမ်။ သူတို့ ခေါ်သွားတဲ့သူတွေကလည်း ပစ်ခတ်မှုနဲ့မသက်ဆိုင်တဲ့သူတွေ။ အပြစ်မဲ့တွေ။ ပစ်ခတ်မှုကလည်း ပြည်သူတွေက ကြိုသိတာ မဟုတ်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

စစ်သား ၂ ဦးကို ပစ်ခတ်ပြီးနောက် CDF ရရှိလာသော G 4 အမျိုးအစားသေနတ် ။ (ဓာတ်ပုံ-CDF Hakha)

ထိုလုပ်ရပ်နှင့်ပတ်သက်ပြီး ပစ်ခတ်မှုနှင့်မသက်ဆိုင်သည့် အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးမှု၊ ပြည်သူပိုင်အိုးအိမ်ဖျက်ဆီးမှုများမှာ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း CDF ဟားခါး ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

နံနက်ပိုင်း တိုက်ခိုက်မှု

ဟားခါး – မတူပီလမ်းတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထမင်းသွားပို့သည့် စစ်သား၂ ဦး ကို ယမန်နေ့ နံနက်တွင်  CDF အဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်တွင် စစ်သား ၂ ဦးကို ပစ်သတ်ခဲ့ပြီး G 4 အမျိုးအစားသေနတ် ၁ လက် ရရှိခဲ့ကြောင်း၊ဟားခါးတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ရင်း ၃ ခုရှိသည့်အနက် ပစ်ခတ်မှုအတွင်း သေဆုံးသူ တို့မှာ ခြေလျင်တပ်ရင်း ခလရ ၂၆၆ မှ ဖြစ်နိုင်ကြောင်း  CDF ဟားခါး ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မြို့တွင်းစစ်ဆင်ရေးများ မကြာခဏ လုပ်သော်လည်း  ဟားခါး ပြည်သူလူထု ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေး ဦးစားပေးဆောင်ရွက်လေ့ရှိသည် ဟု CDF က ဆိုသည်။

ဟားခါးဖြစ်ရပ်နှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရေးအတွက် စစ်ကောင်စီ ပြန်ကြားရေး တာဝန်ယူထားသူ တို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည် ဖုန်းအဆက်အသွယ် မရသေးပေ။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယမန်နေ့ ဟားခါးမြို့  တိုက်ခိုက်မှုအပြီး နေအိမ် ၃ လုံး ဖျက်ဆီးခံရကာ အရပ်သား ၁၃ ဦး ဖမ်းဆီးခံရကြောင်း ထုတ်ပြန်သည်။

ဟားခါးနှင့် မိုင် ၄၀ ကျော် ဝေးသည့် ဖလမ်းမြို့နယ်တွင်လည်း စစ်ကောင်စီက အလားတူ ပြုမူခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဖလမ်းမြို့နယ် အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရပြီး အနီးအနားရှိ အရပ်သား ၂၃ ဦး ဖမ်းဆီးခဲ့သည်ဟု သိရသည်။

နောက်ပိုင်းတွင် အများစုပြန်လွတ်သော်လည်း ၅ ဦး မှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံမှုအားကောင်းရာ ချင်းပြည်နယ်တွင် ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍  တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းမှလည်း  ဆက်တိုက် တိုက်ခိုက်နေသည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ချင်းအမျိုးသားတပ်ဦး ဌာနချုပ်တည်ရှိရာ ဝိတိုရိယစခန်းကို နှစ်ရက် ဆက်တိုက် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် CNA အဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရပြီး ပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် လည်း ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်ခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button