သတင်း

ကျုံဒိုးမြို့အနီး တိုက်ပွဲဖြစ်၊ ဒေသခံထောင်ချီ တိမ်းရှောင်ရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ၁၅ မိုင်အကွာရှိ ကျုံဒိုးမြို့အနီးတွင် ယမန်နေ့ (ဇန်နဝါရီ ၂၄) မှ စတင် တိုက်ပွဲဖြစ်လျက်ရှိပြီး နေအိမ်များမီးလောင်ကာ ဒေသခံများ တိမ်းရှောင်နေရသည်ဟု သိရသည်။

တိုက်ပွဲအတွင်း ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် KTL Army ၏ Lion Battalion Commando စစ်ကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ရှိနိုင်သည့် နေရာများကို ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းအမှတ် ၅၄၅ နှင့် ၅၄၆ တို့က လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု သိရသည်။

ကျုံဒိုးမြို့ တစ်ဖက်ကမ်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူနေအိမ် ၄ လုံး မီးလောင် ပျက်စီးခဲ့သည်ဟု Lion Battalion Commando တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝင်းက ပြောသည်။

“ကျုံဒိုးတစ်ဖက်ကမ်းက ကမ်းနီရွာက လူနေအိမ်တွေဆီ လက်နက်ကြီးနဲ့ ပစ်တယ်။ ဒီနေ့ နေ့လယ်အထိ တိုက်ပွဲက ပြင်းထန်နေတယ်” ဟု သူက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

ပစ်ခတ်မှုများကြောင့် ကမ်းနီး၊ ညောင်ရပ်သာ၊ မိဂလုံ၊ ကော့ဘိန်း ကမ္မရိုက်၊ ကျောက်ဖျာ၊ ကော့ကာ၊ သရက်တော၊ ငှက်ပျောတောနှင့် မြေနီကုန်း ကျေးရွာများမှ ဒေသခံ ၅,၀၀၀ ခန့် စစ်ဘေးရှောင်နေကြရသည်ဟုလည်း သိရသည်။ 

လက်ရှိအချိန်တွင် ကမ်းနီးကျေးရွာ၌ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ကိုထက်နေဝင်းက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကလည်း အရပ်သားများ ပစ်မှတ်ထားခံနေရသည်ဟု ပြောသည်။

“လက်နက်ကြီးတွေနဲ့ ပစ်တာ၊ လေကြောင်းကနေ ဗုံးတွေနဲ့ ရပ်ထဲရွာထဲ ပြည်သူလူထုကို ပစ်မှတ်ထားလုပ်နေတာ။ လူထုကတော့ အတော်ကြောက်နေကြပြီပေါ့။ သူတို့ရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာပဲ။ ဒေသခံတွေ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်နိုင်မယ့် အခွင့်အရေးအခြေအနေက ရှိလာမှာ မဟုတ်ဘူး” ဟု ပဒိုမန်းမန်းက ပြောသည်။

ထို့အပြင် ယနေ့မနက်ပိုင်းတွင်လည်း ကျုံဒိုး-ဂျိုင်းမြစ် ကမ်းနားတစ်လျှောက်နှင့် ကျုံဒိုးမြို့အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့်အတူ ၎င်းတို့၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ပါဝင်သည်ဟု ဆိုသည်။

စစ်ရှောင်များကို ကူညီနေသည့် ကျုံဒိုးမှ အမျိုးသားတစ်ဦးကလည်း ဒေသခံများမှာ စစ်လေယာဉ် တိုက်ခိုက်၊ ဗုံးကြဲမည်ကို စိုးရိမ်နေကြသည်ဟု ပြောသည်။

“ကျုံဒိုးမြို့ထဲရော ကမ်းနားတစ်လျှောက်ရော။ ဟိုဘက်ကမ်း ကမ်းနီးနဲ့ အခြားရွာတွေက ဒေသခံတွေလည်း ကျုံဒိုးမြို့ထဲ ရှောင်လာကြရတယ်၊ မနက်ပိုင်း ရွာထဲ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေကြောင့်ပါ။ တိုက်ပွဲက ဆက်ဖြစ်မယ် ထင်တယ်၊ လေကြောင်းက ဗုံးလာမှာ အကြောက်ဆုံးပဲ။ ဘယ်ရှောင်ရမှန်းလဲ မသိဘူး” ဟု သူက ပြောသည်။

တိုက်ပွဲများပြင်းထန်လျက်ရှိသော KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ၁၈ မိုင်ခန့် အကွာတွင်ရှိသော သတ္တုလုပ်ကွက်တစ်ခုကိုလည်း စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့လယ်ရှိ စစ်ကောင်စီ၏ ထောက်လှမ်းရေးရုံးအပါအဝင် ဌာနဆိုင်ရာရုံး ၄ ခု ယခုလ ၂၃ ရက်နေ့က မီးရှို့ခံရသည်။

ဝင်ရောက်မီးရှို့ ဖျက်ဆီးသူတို့မှာ ကျုံဒိုးတွင် စစ်ကောင်စီတပ်ကို ရင်ဆိုင်နေသည့် အဖွဲ့များဖြစ်ပြီး စစ်ကောင်စီယန္တရားရပ်တန့်သွားစေရန် ရည်ရွယ်သည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button