သတင်း

ယင်းမာပင် ၇ ရွာကို မီးဆက်တိုက်ရှို့သည့်တပ်က ရွာသားကို ခေါင်းဖြတ်သတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မြောက်ဘက်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က တစ်ရက်အတွင်း ရွာ ၇ ရွာကို မီးရှို့ခဲ့ပြီးနောက် အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ နီးပါးရှိ စစ်ကြောင်းသည် ဇန်နဝါရီ ၂၃ ရက်နေ့ကတည်းက ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အစပ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို စီးနင်းနေခြင်း ဖြစ်သည်။

ယင်းနေ့ နေ့လယ်တွင် ပန်းတိမ်ပြင်ရွာအနီး ရောက်လာသည့် စစ်ကြောင်းက ထိုရွာအနီး တောတိုက်ရှိ အသက် ၃၀ အရွယ် ကိုနေထွန်းကို ဖမ်းဆီးပြီးနောက် ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။

မသတ်ခင် နှိပ်စက်ညှဉ်းပန်းခဲ့သည်ဟု ထိုရွာဒေသခံတစ်ဦးက ပြောသည်။

“နှိပ်စက်ရုံမကဘူးလေ၊ မသတ်ခင် ခြေသန်းလေးတွေကအစ ဖြတ်တောက်ပြီးတော့ နောက်ပိတ်ဆုံး လည်ပင်းကို ဖြတ်ထားပြီးတော့ ခေါင်းပြတ်လေးကို တည်ထားခဲ့တာ” ဟု သူက ဆိုသည်။

သတ်ဖြတ်ရသည့်အကြောင်းရင်းနှင့် အသေးစိတ်အခြေအနေများကို မသိရသေးပေ။

ထိုနေ့က ထိုစစ်ကြောင်းရောက်ခဲ့သည့် အင်းဘက်၊ ပတိန်ပြင်အပါအဝင် ကျေးရွာ ၇ ရွာတွင် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

အိမ်ခြေ ၈၀ နီးပါးရှိသည့် အင်းဘက်ရွာတွင် ၄၆ လုံး၊ ကြက်လျှာရွာတွင် ၁၀ လုံး၊ ကျောင်းကုန်းရွာတွင် ၁၃ လုံး၊ နှောပင်ရွာတွင် ၁၃ လုံး၊ ကျွန်းပေါ် ရွာတွင် ၁၀ လုံး၊ ကျောက်မှော်ရွာတွင် ၈ လုံး၊ ပတိန်ပြင်ရွာ တွင် အိမ် ၁၀ လုံး၊ ဓမ္မာရုံ ၁ ခုနှင့် ကား ၂ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

“အိမ်တစ်လုံးဖြစ်ဖို့ဆိုတာ မလွယ်ဘူးလေ။ ရှို့ခံရတာလည်း အိမ်ကောင်းတွေက များတယ်။ တောဓလေ့ဆိုတော့ နွားတဲတွေ၊ နွားစာတိုက်တွေရောပေါ့။ ရုတ်တရက် သူတို့ (စစ်တပ်) ရှိတယ် ထင်ပြီး ဝင်မငြှိမ်းရဲတော့ တစ်ဝက်လောက် ပါသွားတာပေါ့။ ကောက်ပဲသီးနှံကအစ အကုန်မီးထဲပါကုန်တာ” ဟု နေအိမ် မီးလောင်သွားသည့် အင်းဘက်ရွာသားတစ်ဦးက ပြောသည်။

“ခုတော့ အသံနားထောင်ပြီး ဘယ်လာ ညာတိမ်းနေရတာပါ့။ တောထဲ တောင်ထဲ အမိုးမပါ၊ အကာမပါ နေကြရတာ။ မီးလောင်တာက လောလောဆယ် ချက်စရာ ထမင်းအိုး၊ ဟင်းအိုးတောင် မရှိတော့ဘူး”

စုန်းချောင်းရွာကို စီးနင်းပြီး ညအိပ်တပ်စွဲခဲ့သော ထိုစစ်ကြောင်းသည် ထိုရွာမှ ဒေသခံ ၅ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ ၁ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၄ ဦး သေသည်ရှင်သည် မသိရကြောင်း ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစု၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထိုစစ်ကြောင်းသည် အောင်မိုးရွာမှတစ်ဆင့် စည်လှောင်ရွာဘက်သို့ ထွက်ခွာပြီး ယနေ့ နံနက်က နတ်ကူးတောင်အနီး တပ်စွဲထားကြောင်း သိရသည်။ ဇန်နဝါရီလဆန်းမှစတင်၍ ထိုစစ်ကြောင်းက ချင်းတွင်းမြစ်ကမ်းဘေးရွာများကို စီးနင်းမီးရှို့နေခြင်း ဖြစ်သည်။

နတ်ကူးတောင်အနီး ရေကြည်ပင်ရွာတွင်လည်း အခြားစစ်ကြောင်းတစ်ခု တပ်စွဲထားသည်၊ ပြည်သူ့စစ် ခေါ် ပျူစောထီးနှင့် စစ်သားများပါသည့် နောက်ထပ်စစ်ကြောင်းတစ်ခုသည်လည်း ယာကြီး-ကလေးဝ တောင်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည်ဟု ဒေသခံတို့က ဆိုသည်။

ပျူစောထီးနှင့် စစ်သားများပါ စစ်ကြောင်းက ယနေ့ (ဇန်နဝါရီ ၂၅) မွန်းလွဲ ၁ နာရီဝန်းကျင်မှစတင်၍ မြရိပ်ရွာကို မီးရှို့နေကြောင်း သိရသည်။

ထိုသို့ ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-ကလေးဝ တောင်ဘက်ခြမ်းကို စစ်ကြောင်း ၃ ခုခွဲပြီး စီးနင်းနေသည့်အတွက် ကျေးရွာ ၁၁ ရွာမှ ဒေသခံ တစ်သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

“မနေ့က မနက်ခင်း ၁၁ နာရီကနေ ခုချိန်ထိ အိမ်ကို မပြန်ရသေးဘူး။ လွတ်လပ်မယ်ထင်တဲ့ နေရာလေးတွေမှာ ဆွေမျိုးသားချင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေ၊ လုံခြုံမယ် ထင်တဲ့နေရာတွေမှာ ခိုလှုံနေရပါတယ်။ စစ်ကောင်စီ စစ်ကြောင်းက ပြန်မဆုတ်သလို ဘယ်ကိုဦးတည်မယ်ဆိုတာ မသိရသေးပါဘူး” ဟု စစ်ရှောင်အရေး ကူညီနေသည့် ယင်းမာပင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်ခုခံမှု အားကောင်းပြီး ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသည့် မြို့နယ်များကို ခပ်စိပ်စိပ် စစ်ကြောင်းထိုးလာခြင်းမှာ စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲကြောင့်ဖြစ်နိုင်ကြောင်း ယင်းမာပင်မြို့နယ်အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုခန့်က သုံးသပ်သည်။

အာဏာသိမ်းပြီးကာလ ဖြစ်ပွားလာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် ထွက်ပြေးရသူ ၁ ဒသမ ၁ သန်း ရှိသည့်အနက် စစ်ကိုင်းတိုင်းမှ ၆၁၆,၅၀၀ ကျော်ပါဝင်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာကူညီပေးရေးရုံး၏ ၂၀၂၂ ဒီဇင်ဘာလထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button