ရွေးကောက်ပွဲ

ရွေးကောက်ပွဲမသေချာသော်လည်း ကြံ့ခိုင်ရေးပါတီက မနားမနေစည်းရုံးရေးဆင်းနေ

နိုင်ငံအနှံ့ခုခံမှုများ မြင့်တက်နေချိန် အာဏာသိမ်းခေါင်းဆောင်က ရွေးကောက်ပွဲကို အကြားအလပ်မရှိလုပ်မည်ဟု လေသံပစ်ထားသည့်နည်းတူ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကလည်း မဲဆွယ်စည်းရုံးမှုများ ဆက်တိုက်လုပ်နေသည်။

ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် ကောက်ကျစ်သည့် နည်းပေါင်းစုံသုံးလျက် အသက်ရန်ရှာရန် ဝန်မလေးသူ၊ အာဏာရှင်တိုင်း၏ လက်စွဲတော်ဖြစ်ခဲ့သူ ရဲချုပ်ဟောင်း ဦးခင်ရီက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကာ စစ်ခေါင်းဆောင်၏ လက်စွဲတော်များ ပါတီထိပ်သီးတာဝန်များရယူခဲ့သည့် ၂၀၂၂ အောက်တိုဘာနောက်ပိုင်းတွင် USDP ပါတီ၏ လှုပ်ရှားမှုများ မြင့်တက်လာခြင်းဖြစ်သည်။

ဦးခင်ရီက နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ရှမ်းတောင်ပိုင်းကဲ့သို့ လုံခြုံရေးအရ အတော်အတန် တည်ငြိမ်မှုရှိသော တိုင်းနှင့် ပြည်နယ်အချို့တွင် ပါတီဝင်များ၊ အသင်းအဖွဲ့များ၊ ပါတီဝင်ဟောင်းများနှင့် လိုက်လံတွေ့ဆုံနေသည်။

အလားတူပင် ဒေသဆိုင်ရာ USDP ခေါင်းဆောင်များကလည်း အလားတူ လုပ်ဆောင်နေပြီး ရက္ခိုင့်တပ်တော် (AA) နှင့် မကြာသေးမီကမှ အပစ်ရပ်ထားသည့် ရခိုင်ပြည်နယ်၌ပင် ပါတီလှုပ်ရှားမှုအချို့ ပြုလုပ်နေသည်။

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်၏ ပါတီဥက္ကဋ္ဌ ဘူးလက်လှဆွေသည် ဇန်နဝါရီ ၂၁ ရက်က ပျဉ်းမနားမြို့နယ်ရုံး၌ ပြုလုပ်သည့် ပရဟိတအသင်းများနှင့် တွေ့ဆုံပွဲတစ်ခုတွင် USDP ကို မဲထည့်ရန်၊ အောင်နိုင်ရေးအတွက် ကူညီရန် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ပါတီအောင်နိုင်ရေးအတွက် အကြံပေးပါ၊ ဒေသလိုအပ်ချက်တွေကို တင်ပြပါ၊ ပြီးရင် သက်ဆိုင်ရာကို တင်ပြပြီး သူတို့ကူညီပေးမယ်။ တက်လာတဲ့သူတွေကို လက်ဆောင်ပစ္စည်းတွေ ဝေတယ်။ တစ်ဖက်လှည့် မဲဆွယ်တဲ့ပုံစံပါပဲ” ဟု ထိုပွဲသို့ တက်ရောက်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

“သူလူနဲ့သူ တက်ကြတာပါ။ ဒေသခံစစ်စစ်တွေ မပါကြပါဘူး။ သွားလည်း သူတို့ပါတီကသူ မဟုတ်ရင် ခန်းမထဲကို အဝင်မခံဘူး၊ သူတို့ကို တစ်ခုခုလုပ်မှာ ကြောက်နေကြတာလေ” ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ၎င်းမှာ ပျဉ်းမနားမြို့ခံ အမျိုးသားဖြစ်သည်။

ထို့အပြင် တပ်ချုပ်ရုံးတည်ရှိရာ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ကြံ့ခိုင်ရေးပါတီက ဆိုင်းဘုတ်များကို ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လိုက်လံစိုက်ထူနေသလို ဒေသခံလူထုကို မက်လုံးပေး၍ မဲဆွယ်မှုများလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။ 

ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက်တွင် ၂၀၂၂ ဒီဇင်ဘာ ၁၄ ရက်က ရပ်ကွက်အုပ်ချုပ်မှူးရုံးရှေ့ ပါတီဆိုင်းဘုတ် စိုက်ထူပွဲတွင် ဒေသဆိုင်ရာ USDP တာဝန်ရှိသူများက မက်လုံးပေး၍ ပေါ်ပေါ်ထင်ထင် မဲဆွယ်မှုများ လုပ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ချိတ်ဆက်ရာ မြို့ရှောင်လမ်းပေါ်မှ လှေခွင်းတောင်သို့ သွားသည့် ဧည့်ဝင်လမ်းပေါ် အောင်ဇေယျရပ်ကွက်ရှိ ဒေသအခေါ် ကွက်သစ်တွင် အိမ်ဂရန်မရသေးသူများကို ကူညီမည်ဟု ကြံ့ခိုင်ရေးပါတီနှင့် ရပ်ကျေး အုပ်ချုပ်ရေး ၂၀ ကျော်ပါ အဖွဲ့က လိုက်လံပြောဆို စည်းရုံးနေကြောင်း သိရသည်။

“ဒေသခံလိုအပ်ချက်တွေကို ကူညီပေးမယ် ပြောတယ်၊  အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး ရပ်ကွက်ထဲက သူတွေကို ပါတီဝင်အဖြစ် နာမည်စာရင်းပေးပြီး ထည့်တယ်။ အချို့ကလည်း နားမလည်ဘဲနဲ့ ပါတီဝင် ဖြစ်သွားကြတာတွေလည်း ရှိတယ်” ဟု တတိယသတင်းရင်းမြစ်က ပြောသည်။ ထိုသူသည် အောင်ဇေယျရပ်ကွက် ဒေသခံ အမျိုးသားဖြစ်သည်။

ဇေယျာသီရိမြို့နယ် ပြည်စံအောင်နှင့် ပုပ္ပားကုန်းရပ်ကွက်များတွင်လည်း ကြံ့ခိုင်ရေးပါတီက အလားတူ လုပ်ဆောင်နေသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ပယ်ဖျက် အာဏာသိမ်းပြီးနောက်၊ NLD အကြီးအကဲများ၊ ပါတီဝင်များ၊ ထောက်ခံသူများ ဖမ်းဆီးခံထားရချိန်တွင် စစ်ကောင်စီ စီစဉ်မည်ဆိုသော ရွေးကောက်ပွဲအတွက် NLD ကို ပြိုင်တိုင်းရှုံးလေ့ရှိသည့် ကြံ့ခိုင်ရေးပါတီက ပြင်ဆင်နေခြင်းဖြစ်သည်။

မကြာသေးမီ ရက်ပိုင်းကပင် ရွေးကောက်ပွဲ ကျင်းပရန် နိုင်ငံရေးပါတီများရှိနေရန် လိုအပ်ပြီး နိုင်ငံ​ရေးပါတီများမှတ်ပုံတင်ဥပဒေ အသစ်ပြဋ္ဌာန်းနိုင်ရန် အရေးကြီးကြောင်း၊ ပါတီများကို မှတ်ပုံတင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မချိုးဖောက်သည့် ပါတီများဖြစ်ရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားသည်။ ထို့အတူ NLD အပြတ်အသတ်နိုင်လေ့ရှိသည့် မဲအများဆုံးသူ အနိုင်ရစနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR ) ဖြင့် အစားထိုး၍ ရွေးကောက်ပွဲ ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေသည်။

သို့သော် စစ်ကောင်စီပြောခွင့်ရ ဒုပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ရွေးကောက်ပွဲ ဖြစ်မဖြစ် မသေချာကြောင်း ယမန်နေ့တွင် VOA သတင်းဌာနကို ပြောဆိုထားသည်။ 

ဒီမိုကရေစီစနစ်တွင် ပါတီများသည် ရွေးကောက်ပွဲမတိုင်မီ ဥပဒေ၊ ညွှန်ကြားချက်ဖြင့် သတ်မှတ်ထားသည့် ကာလအတွင်းသာ မဲဆွယ်ခွင့်ရှိသော်လည်း စစ်တပ်က အာဏာသိမ်းထားချိန်၊ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် ရေရေရာရာမသိရသေးချိန်တွင် ကြံ့ခိုင်ရေးပါတီက အထက်ပါကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ဖမ်းဆီးမှုများမှ လွတ်မြောက်နေသည့် NLD ပါတီ ခေါင်းဆောင်အချို့ကမူ စစ်တပ်က ပယ်ဖျက်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲမည်၊ စစ်ကောင်စီက စီစဉ်မည်ဆိုသော ရွေးကောက်ပွဲကို ဆန့်ကျင်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button