သတင်း

ရေးမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေ၊ သေနတ်တချို့ ဆုံးရှုံး 

ယနေ့ (ဇန်နဝါရီ ၂၀) နံနက်ပိုင်း မွန်ပြည်နယ်၊ ရေးမြို့နယ် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး မောင်းပြန်ရိုင်ဖယ် ၃ လက် ရရှိခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ပြောသည်။

လမိုင်းမြို့၊ မော့ကနင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အခြေစိုက် အမှတ် (၃၁၇) အမြောက်တပ်ရင်းမှ ဆိုင်ကယ်စီး စစ်သား ၆ ဦးကို ရွာသစ်ကျေးရွာအနီးတွင် စောင့်ကြိုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ပြောသည်။

ငါးမိနစ်ကြာသည့် အပြန်အလှန်ပစ်ခတ်မှုအတွင်း တစ်ဦးသာ ဒဏ်ရာနှင့် ထွက်ပြေးလွတ်မြောက်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

“အမြောက်တပ် ၃၁၇ အနီးမှာ ဖြစ်တဲ့အတွက် လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်တာရယ်၊ စစ်ကူတွေ တက်လာတာကြောင့်ရယ် လက်နက်သုံးလက်ကိုသာ ကောက်နိုင်ခဲ့ပြီးတော့ တပ်ဖွဲ့ဝင်ထိခိုက်မှုရှိမှာ စိုးတာကြောင့် ဆုတ်မိန့်ပေးခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်” ဟု စောခေတ်သစ်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်သည့်နေရာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးနေပြီး မြေပြင်အခြေအနေ အသေးစိတ် မသိရသေးဟု ဆိုသည်။

၂၀၂၂ ခုနှစ်အတွင်းကလည်း YGF အနေဖြင့် ရေးမြို့နယ်ရှိ တိုက်ပွဲနှစ်ခုတွင် လက်နက်များကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

“လက်နက်တွေက ဝယ်ရတာက ခက်ခဲမှုအများကြီးရှိတယ်။ ငွေကြေးအခက်အခဲ၊ ဝယ်ရဖို့လည်း မလွယ်ဘူး။ တစ်ခါတလေဆို လိမ်ခံရတာမျိုးလည်း ရှိတယ်။ နောက်ဆုံး ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် လုပ်နိုင်ရင်လည်း အကောင်းဆုံးပါပဲ” ဟု စောခေတ်သစ်က ပြောသည်။

“ဒီပွဲမှမတိုက်ရင် အာဏာရှင်စနစ်ဆိုးကြီးက ဘယ်တော့မှ ပျောက်ကွယ်သွားတော့မှာ မဟုတ်ဘူး။ ဒါက နောက်ဆုံးတိုက်ပွဲပဲ။ ရှေ့မှာလည်း အသက်များစွာ ပေးဆပ်ခဲ့ကြပြီးပြီ။ ဒါကြောင့် ပြီးဆုံးသည်အထိ ပေးဆပ်ကြရမှာပဲ။ အာဏာရှင်စနစ်ဆိုး ဆုံးခန်းတိုင်ဖို့အတွက် ပြည်သူတွေ ပိုပါဝင်ကြဖို့ ပြောချင်ပါတယ်”

ယခုလအတွင်း မွန်ပြည်နယ် လမိုင်းမြို့ နှစ်ကရင်ကျေးရွာရှိ ရဲစခန်းနှင့် ကြိုးတံတားကျေးရွာရှိ စစ်တပ်စခန်း၊ သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ အခြေစိုက် နယ်မြေရဲစခန်းတို့ကို YGF က သွားရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီဘက်က အသေအပျောက်ရှိခဲ့သည်။ 

စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး သေဆုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားပြီး ဆက်သွယ်မေးမြန်းမှုများကိုလည်း ဖြေကြားလေ့မရှိပေ။ 

ရေးမြို့နယ်တွင် ရေးပြောက်ကျားတပ်ဖွဲ့အပြင် ရေး PDF၊ ရေးဘီလူး၊ မွန်ဒေသတော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသော Mon State Revolutionary Union (MSRU/ MSRO)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စသည့် တပ်များ အခြေစိုက်လှုပ်ရှားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button