သတင်း

မွန်ပြည်နယ် ရေးမြို့ စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်နှစ်ခုကို ဧပြီ ၂၁ ရက်နှင့် ၂၃ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့ သေဆုံးခဲ့ကြသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများက ပြောသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ် ရွာသစ်ကျေးရွာအနီး တံတားစစ်ဆေးရေးဂိတ်ကို ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးပြီး ၁ ယောက်ဒဏ်ရာရကြောင်း မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း Mon State Revolution Organization (MSRO) တွဲဖက်တာဝန်ခံ ကိုအဂ္ဂက ပြောသည်။

“တံတားမှာ ကားတွေကို စစ်ဆေးတယ်၊ ဆိုင်ကယ်တွေကို ဘောက်စ်ဖွင့်ပြီး စစ်ဆေးတဲ့ စစ်သားတွေကို ကျွန်တော်တို့ သွားပြီး အရှည် (ရိုင်ဖယ်)နဲ့ သွားပစ်တာ” ဟု ကိုအဂ္ဂက Myanmar Now ကို ပြောသည်။ 

ထို့ပြင် ရေး-ထားဝယ် ကားလမ်းပေါ်ရှိ အခွန်ကောက်နေသည့် မလွှဲတောင် ၁၄ မိုင်ဂိတ်ကိုလည်း ဧပြီ ၂၁ နံနက်အစောပိုင်းက Ramanya Army (ရာမညတပ်ဖွဲ့) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း အဆိုပါအဖွဲ့တာဝန်ခံက ပြောသည်။

“တစ်ယောက်ကတော့ အနည်းဆုံး မထိဘူးဆိုရင် ၆ ချက်လောက် ထိတယ်။ သူက အူပါ ဖောက်ထွက်သွားတာဆိုတော့ သူက သေချာပေါက်သေမယ်” ဟု ၎င်းက ပြောသည်။

အခြားတစ်ဦးမှာ စစ်သုံ့ပန်းအဖြစ် အဖမ်းခံရစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခြင်းဟုလည်း Ramanya Army (ရာမညတပ်ဖွဲ့) တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သားတို့ သေဆုံး ဒဏ်ရာရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်မျိုးကို သတင်းအမှောင်ချထားတတ်သည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့် တိုင်းအများစုတွင် လက်နက်ကိုင် ခုခံတော်လှန်မှုများ အသီးသီးပေါ်ပေါက်လာသလို ကချင်၊ ချင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တို့တွင် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဦးဆောင်မှုအောက်တွင် ဒေသခံကာကွယ်ရေးတပ်များ PDF, LDF များအဖြစ် ခုခံတော်လှန်နေကြသည်။ 

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းတွင်လည်း MSRO အပြင် ရေးမြို့နယ်ကာကွယ်ရေးအထူးအဖွဲ့ (YSTF)၊ ရေးဘီလူး၊ Ye Joker Force စသည့် တော်လှန်ရေးတပ်ဖွဲ့များ ရှိနေသည်။

သို့သော် မြန်မာပြည်တောင်ဘက် မွန်ပြည်နယ်သည် ၎င်းနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် ကရင်၊ တနင်္သာရီတိုင်းတို့ကဲ့သို့ ခုခံတော်လှန်မှု မပြင်းထန်ဘဲ သထုံနှင့် ကျိုက်ထိုမြို့နယ်တို့ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအချို့မှအပ ကျန်နယ်မြေများတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သည်။ 

မွန်တိုင်းရင်းသားအများစု ထောက်ခံသည့် မွန်ညီညွတ်ရေးပါတီဝင်အချို့သည်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပူးပေါင်းခဲ့ကြသည်။ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဗညားအောင်မိုးသည် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် စစ်ကောင်စီ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အဖွဲ့ဝင်ဖြစ်သလို တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမသည်လည်း စစ်ကောင်စီခန့် မွန်ပြည်နယ်စီးပွားရေးဝန်ကြီးဖြစ်သည်။

မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ထိုးထားပြီး စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာမှု မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့၏ ခေါင်းဆောင် ၆ ဦးကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ကြောင်း ကြေညာခဲ့ရာ ထိုအထဲတွင် မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင် ၂ ဦး ပါဝင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button