သတင်း

ရေးမြို့နယ်တွင် ပရဟိတလူငယ်တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် ယမန်နေ့ (ဇူလိုင် ၃၁) ညက ပရဟိတလူငယ်တစ်ဦး ပစ်သတ်ခံရပြီး ၎င်း၏ ရုပ်အလောင်းကို လမိုင်းရဲစခန်းအနီး တွေ့ရှိခဲ့ရသည်။

ဇူလိုင် ၃၁ ညတွင် လမိုင်းပရဟိတလူငယ်များအဖွဲ့၏ အသင်းသား ကိုလင်းအောင်သည် မိတ်ဆွေနှင့်အတူ မွေးနေ့ပွဲမှ ပြန်လာကြောင်း၊ ည ၁၀း၄၅ တွင် အဆိုပါမိတ်ဆွေကို ပရဟိတရုံးအနီး ချထားပြီး အပြန်လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း အဆိုပါမိတ်ဆွေအမျိုးသားက ပြောသည်။

ထိုသို့ လမ်းခွဲသွားပြီး ည ၁၁း၄၅ တွင် ရဲစခန်းအနီးရှိ ရုပ်အလောင်းကို လာရောက် ကောက်ယူရန် ရဲစခန်းက အကြောင်းကြား၍ အသင်းက သွားရောက်သယ်ယူရာတွင် ကိုလင်းအောင်၏ ရုပ်အလောင်းဖြစ်နေသည်ကို ကြားသိရကြောင်း  ၎င်းက ဆိုသည်။

“နယ်ထိန်းကို မေးတယ်၊ သူ့ဆိုင်ကယ်ဘယ်မှာလဲ၊ ဆိုင်ကယ်တော့ မတွေ့ဘူးတဲ့။ အလောင်းသယ်တဲ့နေရာမှာ ကျွန်တော်တို့ သွားရှာတယ်။ သွားရှာတဲ့အချိန်မှာ မတွေ့ဘူး။ ဆိုင်ကယ်က နောင်တော်ကြီးဘုရားမှာ သွားတွေ့တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုမိတ်ဆွေက ပြောသည်။ 

ဆိုင်ကယ်တွေ့သည့် နောင်တော်ကြီးစေတီနှင့် လမိုင်းရဲစခန်းသည် တစ်မိုင်ခန့်သာ ကွာဝေးကြောင်း၊ အသက် ၂၁ နှစ်အရွယ် ကိုလင်းအောင်၏ လည်ပင်းနှင့် နောက်ကျောတွင် ကျည်သင့်ဒဏ်ရာ တွေ့ရကြောင်း သိရသည်။

ဆိုင်ကယ်နှင့် ပေ ၂၀ ကျော် အကွာတွင် သွေးအိုင်နှင့်အတူ ကိုလင်းအောင်၏ အသုံးအဆောင်ပစ္စည်းတချို့ တွေ့ရသည်ဟု ဆိုသည်။

ထိုညက ရဲစခန်းအနီး လူရိပ်တွေ့သဖြင့် စခန်းကင်းပုန်းက ခြောက်လှန့် ပစ်ခတ်လိုက်ပြီး ထိမှန်မှု ရှိမရှိ မသိရကြောင်း၊ ထို့နောက် ကိုလင်းအောင်၏ ရုပ်အလောင်းကို တွေ့ရခြင်းဖြစ်သည်ဟု ရဲကပြောကြောင်း အထက်ပါ မိတ်ဆွေက ရှင်းပြသည်။

ကိုလင်းအောင်၏ ရုပ်အလောင်းကို ပရဟိတအဖွဲ့မှ သယ်ဆောင်လာသည်ကို ယနေ့ ဩဂုတ် ၁ က တွေ့ရစဉ်။ (ဓာတ်ပုံ- လမိုင်းပရဟိတလူငယ်များအဖွဲ့)

ကိုလင်းအောင် သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံရဲများ ပစ်ခတ်ခြင်းဟုတ်မဟုတ် မသိရသေးပေ။ 

နောင်တော်ကြီးဘုရားအနီး နေထိုင်သည့် အမျိုးသားတစ်ဦးကမူ ည ၁၁ နာရီတွင် ဟွန်ဒါဖစ် အဖြူရောင်ကားတစ်စီး မောင်းနှင်လာသည်ကို တွေ့ရပြီးနောက် သေနတ်သံ ကြားလိုက်ရသည်ဟု ဆိုသည်။

“လူကိုတော့ ကျွန်တော် မတွေ့လိုက်ဘူး။ သေနတ်သံ ကြားလိုက်ပြီးတာနဲ့ ဆိုင်ကယ်ချည်းပဲ လျှောကျလာတာဆိုတော့ ဆိုင်ကယ်ပဲ တွေ့လိုက်တယ်။ လူတော့ မတွေ့လိုက်ဘူး” ဟု ၎င်းက ပြောပြသည်။

ထိုဆိုင်ကယ်မှာ ကိုလင်းအောင်၏ ဆိုင်ကယ်ဖြစ်ကြောင်း ယနေ့ သိရှိရသည်ဟု မျက်မြင်သက်သေ အမျိုးသားက ဆက်ပြောသည်။ 

ကိုလင်းအောင်သည် စားဝတ်နေရေးအတွက် လက်သမားအလုပ် လုပ်ကိုင်ပြီး အနေအထိုင် ရိုးအေးသူဖြစ်သဖြင့် အခြားသူများနှင့် ရန်ငြိုးရန်စ မရှိဟု ၎င်း၏ မိတ်ဆွေက ဆိုသည်။

“လူက (ပစ်သတ်ခံရတာ) နောင်တော်ကြီးဘုရားနားမှာ၊ အလောင်းက ရဲစခန်းဘက်ဆိုတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စကြီး။ အလောင်းဖျောက်တဲ့ပုံစံမျိုးဖြစ်နေတယ်။ အဖြေမှန် ပေါ်ပေါက်စေချင်တယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ စက်တင်ဘာလကလည်း ရေးမြို့နယ် ခေါဇာမြို့တွင် စိတ်ကျန်းမာရေးမကောင်းသည့် လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့သေးသည်။

မွန်ပြည်နယ်အတွင်း ဒေသခံကာကွယ်ရေးလှုပ်ရှားမှု အင်အားနည်းပါးသော်လည်း ယခုနှစ် ဇူလိုင် ၂၂ ရက်နေ့က ရေးမြို့နယ် ကျောက်မိချောင်းရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို စစ်တပ်သတင်းပေးဟုဆိုကာ ပစ်သတ်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button