
ရန်ကုန် – တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတစ်ဦး ဖေဖော်ဝါရီလ ၂၆ ရက်နေ့နံနက်ပိုင်းက ကြိုးဆွဲချအဆုံးစီရင်ထားသည် ဟု ယူဆရဖွယ်အနေအထားဖြင့် သေဆုံးနေခဲ့သည်။
အဆိုပါ အလုပ်သမားမှာ မွန်ပြည်နယ် ကျိုက်ကော်မြို့နယ် အနမ်းကုန်းကျေးရွာမှ တောင်ကိုရီးယား နိုင်ငံသို့ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်မှစ၍ လာရောက်အလုပ်လုပ်ကိုင်နေသူ စောအယ်စေးဆိုသူဖြစ်ပြီး ဆိုးလ်မြို့မှ တစ်နာရီခန့်သွားရသည့် အန်းဆန်းမြို့ ရှီဝါရှီဟွန်းရှိ စက်မှုဇုန် ဖမ်းဆန်းဒုံစက်ရုံ၌ အလုပ်သမားဗီဇာဖြင့် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်ဟု တောင်ကိုရီးယားရှိ မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။
မြန်မာနိုင်ငံသံရုံး၊ အလုပ်သမား သံအရာရှိ ဦးဇေယျာတင်ဝင်းထင် က မြန်မာနိုင်ငံသား အဆုံးစီရင်ခဲ့သည့် အခင်းဖြစ်ပွားရာ နေရာ၊ ရဲစခန်းနှင့် သေဆုံးသူ၏ သူငယ်ချင်း၊ အလုပ်ရှင်များကို တွေ့ဆုံမေးမြန်းချက်အရ သေဆုံးသူသည် မြန်မာနိုင်ငံရှိ ၎င်း၏ မိဘနှင့် ချစ်သူတို့ အဆင်မပြေဖြစ်သည့် အတွက် အဆုံးစီရင်ခဲ့သည်ဟု သိရှိထားရကြောင်း Myanmar Now ကို ပြောသည်။
“အခန်းဖော်က ပြောပြတဲ့ စကားအရ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက သူ့မိဘနဲ့ ရည်းစားနဲ့ အဆင်မပြေဖြစ်ကြတယ်။ သူ့သူငယ်ချင်းကိုတော့ ရင်ဖွင့်တယ် ပြောတယ်။ သူ့သူငယ်ချင်းကလည်း ဘယ်လို ဖြစ်တယ်ဆိုတာကို အသေးစိတ် မသိပါဘူးတဲ့။ အဲဒီညက ည ၁၂ နာရီလောက်အထိ သူတို့ စကားပြောကြတယ်တဲ့။ သူ့ငယ်ချင်းက တစ်ခန်းတည်းနေတယ်။ သူ့သူငယ်ချင်းက အိပ်ပျော်သွားပြီး မနက်လင်းတော့ အိပ်ခန်းမှာ မရှိတော့ လိုက်ရှာတဲ့အခါ အနီးအနားမှာ ရှိတဲ့ ပစ္စည်းထားတဲ့ ဂိုဒေါင်ထဲမှာ ကြိုးဆွဲချပြီး သတ်သေသွားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံရှိ စောအယ်စေး၏ မိဘများကို ဆက်သွယ်ရာတွင် ၎င်းတို့၏ အသက်အရွယ်ကြောင့် တောင်ကိုရီးယားသို့ လာရောက်နိုင်ခြင်း မရှိဘဲ တောင်ကိုရီးယားမှာပင် အလုပ်လုပ်ကိုင်နေသည့် သေဆုံးသူ၏ ညီဝမ်းကွဲသာ နာရေးတွင် ရှိနေမည် ဖြစ်ကြောင်း သံအရာရှိက ဆက်လက် ပြောကြားသည်။
“သူက လုပ်ငန်းခွင်ကြောင့် ဖြစ်တာ မဟုတ်ဘူး။ သူ့ရဲ့ လူမှုရေးပြဿနာကြောင့် ဖြစ်တယ် သိရတယ်။ ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်နစ်နာကြေးတို့ ကျန်းမာရေးတို့ ဘာတို့ဆိုရင် အာမခံကြေး သိန်းပေါင်းများစွာ ရမှာ ဖြစ်ပေမဲ့ အခု (ကိုယ်ကိုယ်ကိုယ်သတ်သေတာ) ဆို မရဘူး။ သူ့အတွက် ပြန်လည်ထွက်ခွာခွင့် အာမခံကြေးရဖို့ရာပဲ ကျွန်တော်တို့ လုပ်ပေးနိုင်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တောင်ကိုရီးယားတွင် နှစ် ၂၀ ကြာ နေထိုင်အလုပ်လုပ်ကိုင်သူ ဖြစ်ပြီး မြန်မာနိုင်ငံသားများကို ကူညီပေးနေသည့် ကိုရန်နိုင်ထွန်းက တောင်ကိုရီးယားတွင် ၎င်းနေထိုင်ခဲ့စဉ် ကာလအတွင်း ယခုလို အဆုံးစီရင်မှု သုံးမှု၊ လေးမှုခန့် ကြုံဖူးသည်ဟု ပြောသည်။
ကိုစောအယ်စေး သေဆုံးမှုတွင် ရဲက အဆုံးစီရင်မှု ဟုတ်မဟုတ် အကျယ်တဝင့် စစ်ဆေးနေကြောင်းနှင့် ရဲလုပ်ငန်းပိုင်းပြီးမှသာ သင်္ဂြိုဟ်သည့်ကိစ္စကို ဆောင်ရွက်နိုင်မည်ဟု ပြောသည်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် ရောက်ရောက်ချင်းတွင် ဘာသာစကား အခက်အခဲ၊ အလုပ်ရှင်နှင့်အခက်အခဲ စသည်တို့ကြောင့် စိတ်ဖိစီးမှုများစွာ ခံရတတ်ကြောင်း ၎င်းက ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား အရေအတွက် ၂၀၁၉ နှစ်ဆန်းပိုင်းစာရင်းအရ ၃၆,၂၀၀ ရှိသည်ဟု ကိုရန်နိုင်ထွန်းက ပြောသည်။