
မိုးအုံ့နေတဲ့ မေလ ၂၂ ရက်နေ့ မနက်ခင်းဟာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကို သတင်းဆိုးတစ်ခုနဲ့ ကိုင်လှုပ်လိုက်ပါတယ်။
အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ကျင်ယူကို သူ့မိသားစုနေတဲ့ တပ်လိုင်းခန်းရဲ့ မလှမ်းမကမ်း ရေတွင်းထဲမှာ သေဆုံးလျက်သား တွေ့လိုက်ရလို့ပါပဲ။
ရင်းနှီးသူတွေအဆိုအရ ဒါဟာ သူကိုယ့်သူသတ်သေဖို့ ကြိုးစားတဲ့ တတိယအကြိမ်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ အသက်ပေး ထွက်မြောက်ရာလမ်း ရှာပုံတော်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာစစ်တပ်တွင်း အနိုင်ကျင့်မှုရဲ့ ပြကွက်တစ်ခုကို လှစ်ဟပြနေတယ်လို့လည်း ဆိုနိုင်ပါတယ်။
အသက် ၅၄ နှစ်အရွယ် ဒေါ်ကျင်ယူက ထားဝယ်အခြေစိုက် စစ်မြေပြင်အင်ဂျင်နီယာတပ် အရာခံဗိုလ်တစ်ဦးရဲ့ ဇနီးပါ။ အဲဒီတပ်ကို GE တပ်လို့ အလွယ်ခေါ်ကြပါတယ်။
ထားဝယ်၊ တလိုင်းမရပ်ကွက်ဇာတိ ဆရာမ ဒေါ်ကျင်ယူဟာ မြိတ်ကျွန်းစုဘက်မှာ တာဝန်ထမ်းဆောင်ရင်း GE တပ်က အရာခံဗိုလ်နဲ့ ဖူးစာဆုံခဲ့တာပါ။
အဲဒီတုန်းက အသက် ၃၀ ကျော်အရွယ် ဒေါ်ကျင်ယူဟာ အရာခံဗိုလ်တင်ထွန်းနဲ့ အိမ်ထောင်ကျပြီး သိပ်မကြာခင်မှာပဲ အမျိုးသားဖြစ်သူက ထားဝယ်မြို့မှာရှိတဲ့ GE တပ်ကို ပြောင်းရွှေ့ရပါတယ်။
ဒေါ်ကျင်ယူလည်း သူ့အမျိုးသားတာဝန်ကျရာ ထားဝယ်မြို့မှာရှိတဲ့ အမှတ် (၃) အထက်တန်းကျောင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
အရာခံဗိုလ်တင်ထွန်းဟာ မြိတ်ကျွန်းစုမှာ GE တပ်ရဲ့ ဆောက်လုပ်ရေးတင်ဒါတွေ လုပ်ရင်း စိုစိုပြည်ပြည်ရှိခဲ့တာပါ။ ထားဝယ်မြို့ကို ပြောင်းလာချိန်မှာလည်း တပ်ရဲ့ တည်ဆောက်ရေးတင်ဒါလုပ်ငန်းတွေကို ဆက်လုပ်ခဲ့ပါတယ်။
GE တပ်ရဲ့ တည်ဆောက်ရေးတင်ဒါလုပ်ငန်းဆိုတာက တပ်အဆောက်အအုံတွေ၊ လိုအပ်တဲ့ အရပ်ဘက်အဆောက်အအုံတွေကို ဆောက်ရတာပါ။
တင်ဒါလုပ်ငန်းတွေလုပ်ရင်း တဖြည်းဖြည်းနဲ့ စုမိဆောင်းမိ ဖြစ်လာပါတယ်။ ထားဝယ်မြို့လယ်မှာ မြေတစ်ကွက် ဝယ်ပြီး နှစ်ထပ်တိုက်တစ်လုံး ဆောက်နိုင်တဲ့အထိ ဖြစ်လာပါတယ်။
ဆရာမ ဒေါ်ကျင်ယူဟာ သူ့အမျိုးသားရဲ့ အထက်အရာရှိနဲ့ အဆင်ပြေအောင် ပြုမူနေထိုင်တယ်လို့ လူသိများပါတယ်။ ပန်းသီး၊ လိမ္မော်သီး၊ အဝတ်အစားတွေဆိုရင် ကောင်းပေ့ညွန့်ပေ့ဆိုမှ ဝယ်ပြီး GE တပ်မှူးအတွက် လက်ဆောင်ပေးတတ်ပါတယ်။
ဒါက တပ်မှူးအတွက် သိသာတဲ့စွန့်ကြဲမှုပါ။ ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြားမမြင်နိုင်တဲ့ စွန့်ကြဲမှုတွေကိုတော့ အတိအကျ စုံစမ်းနိုင်ခြင်း မရှိပါဘူး။
၂၀၁၀ ဝန်းကျင်မှာတော့ ဒေါ်ကျင်ယူတို့ လင်မယားအတွက် မမျှော်မှန်းခဲ့တဲ့ ကြမ္မာဆိုး ဝင်လာပါတော့တယ်။
သူတို့ လုပ်နေတဲ့ တည်ဆောက်ရေးတင်ဒါက ပစ္စည်းဖိုးရော လက်ခအတွက်ပါ ကျပ်သိန်းထောင်ချီ အိတ်စိုက်ထုတ်ပြီး လုပ်ငန်းအစပြုထားရတဲ့ ထုံးစံရှိတာပါ။ အဆောက်အအုံဆောက်ပြီးမှ တပ်မှူး ဒါမှမဟုတ် တပ်တွင်း တာဝန်ရှိသူတစ်ယောက်ယောက်က တည်ဆောက်ပြီးကြောင်း လက်မှတ်ထိုး၊ ပြီးရင် ငွေထုတ်ယူနိုင်ပါပြီ။
ကိုယ်က ငွေစိုက်ထုတ်ရပေမယ့် ဆောက်ပြီး ငွေပြန်ပေါ်ရင် မြိုးမြိုးမြက်မြက်လေး ကျန်တတ်တော့ တပ်ထဲမှာ ဒါမျိုး လုပ်တတ်တာ ထုံးစံပါပဲ။
ဖြစ်ချင်တော့ ငွေစိုက်ထုတ်ပြီး သူ့အမျိုးသားဆောက်နေတဲ့ အဆောက်အအုံဆောက်ပြီးခါနီးမှာပဲ တပ်မှူးအပြောင်းအရွှေ့ ဖြစ်သွားပါတော့တယ်။ အပြောင်းအရွှေ့သက်သက်က ဘာမှမဖြစ်ပေမဲ့ အမျိုးသားဖြစ်သူ အရာခံဗိုလ်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေအတွက် ငွေထုတ်မပေးဘဲ ပြောင်းသွားတဲ့အချိန်မှာတော့ သူတို့ဘဝကို မုန်တိုင်း စထန်စေတော့တာပါပဲ။
ငွေထုတ်ဖို့အရေး တပ်မှူးက လက်မှတ်လည်း မထိုးပေး။ ဒေါ်ကျင်ယူတို့လင်မယားက ငွေထုတ်ခွင့်ရဖို့အရေး တပ်မှူးပြောင်းသွားတဲ့နေရာအထိ လိုက်ကြိုးစားခဲ့ပေမယ့် အရာမထင်။
နောက်ဆုံးမှာတော့ ပစ္စည်းဖိုး၊ လက်ခအတွက် ရွှေထည်ပစ္စည်းတွေကိုပါ ထုခွဲရောင်းခဲ့ရသလို မြို့လယ်က ဆောက်လက်စတိုက်သစ်ကိုလည်း တစ်မိနစ်မျှ တက်မနေလိုက်ရဘဲ ရောင်းချလိုက်ရပါတယ်။
ဒီလိုထုတ်ရောင်းတာတောင် မလုံလောက်တဲ့အတွက် မိတ်ဆွေတွေဆီက အတိုးနဲ့ပါ ပတ်ချေးရတဲ့အဆင့်ထိ ဖြစ်သွားခဲ့ပါတယ်။ စိုက်ထုတ်ထားတဲ့ငွေကြေးရဖို့အရေး တပ်အတွင်း အဆင့်ဆင့်လိုက်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။
ဒီအချိန်မှာ အတိုးကြီးတွေနဲ့ ချေးထားတဲ့အကြွေးတွေက အတိုးပေါ် အတိုးဆင့်လာပြီး နောက်ဆုံးမှာ မရှူနိုင်မကယ်နိုင်အဆင့်အထိ ဖြစ်လာခဲ့တယ်။ စီးပွားရေးချွတ်ခြုံကျလာတာနဲ့အမျှ အမျိုးသားဖြစ်သူ အရာခံဗိုလ်ကလည်း အရက်ကို ယခင်ကထက် ပိုခုံမင်လာခဲ့တယ်။
ဒေါ်ကျင်ယူအတွက်လည်း အကြွေးနွံကလွတ်မယ့် အသက်ကယ်ဆေးအနေနဲ့ နှစ်လုံး၊ သုံးလုံးထီတွေကိုပါ သဲကြီးမဲကြီးထိုးတဲ့အဆင့်ထိ ဖြစ်လာပါတယ်။ နောက်ဆုံး လုပ်ဖော်ကိုင်ဖက် ဆရာမတွေဆီမှာတောင် ငွေလိုက်ချေးရတဲ့အဆင့်အထိ ရောက်လာပါတယ်။
ခါးသီးလှတဲ့ လောကဓံတရားတွေကို ရင်မဆိုင်နိုင်တော့တဲ့ ဆရာမဒေါ်ကျင်ယူဟာ ပြီးခဲ့တဲ့နှစ်က အိပ်ဆေးသောက်ပြီး သေကြောင်းကြံစည်ဖူးသလို ထားဝယ်မြစ်ထဲ ခုန်ချပြီးလည်း သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ရင်းနှီးသူတွေဆီက စုံစမ်းသိရှိရပါတယ်။
ဒါပေမယ့် အဲဒီချိန်တုန်းကတော့ အထမမြောက်ခဲ့ပါဘူး။ မေလ ၂၂ ရက် မနက်စောစောမှာတော့ သူ မနေချင်တော့တဲ့ လောကကြီးကနေ ထွက်ခွင့်ရလိုက်ပါပြီ။ ဒေါ်ကျင်ယူဟာ သူ့မိသားစုနေတဲ့ တပ်ထဲက လိုင်းခန်းနဲ့ မလှမ်းမကမ်းရှိ ရေတွင်းထဲ ခုန်ချသတ်သေလိုက်တယ်လို့ အများက ယူဆနေကြပါတယ်။
နိုင်ငံတော်ဘဏ္ဍာတွေ လှိုင်လှိုင်သုံး၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အကျိုးအမြတ် မြိုးမြိုးမြက်မြက်ရနေတဲ့ မြန်မာစစ်တပ်ရဲ့ အသုံးစရိတ်တွေ၊ ဝင်ငွေရလမ်းတွေကို လွတ်လပ်တဲ့ပြင်ပအဖွဲ့အစည်းကမှ စစ်ဆေးခွင့် မရှိပါဘူး။ ဂျာမနီအခြေစိုက် Statista အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တပ်ရဲ့ အသုံးစရိတ်ဟာ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ ရှိပြီးတော့ တစ်နိုင်ငံလုံးစုစုပေါင်းဝင်ငွေ (GDP) ရဲ့ ၂.၇ ရာခိုင်နှုန်း ရှိပါတယ်။
အဲဒီငွေတွေကို ဘယ်နေရာတွေမှာ ဘယ်လိုသုံးနေလဲ၊ တပ်တွင်းငွေကြေးစီးဆင်းမှု ဘယ်လိုရှိလဲ ဘယ်ပြင်ပ ပုဂ္ဂိုလ် အဖွဲ့အစည်းကမှ သိခွင့်မရပါဘူး။
အဲဒါဟာ တပ်တွင်းလာဘ်စားမှု အကြီးအကျယ်ဖြစ်စေပြီး ကြီးနိုင်ငယ်ညှဉ်းစနစ်ဆိုး အမြစ်တွယ်စေကြောင်း ဒေါ်ကျင်ယူဖြစ်ရပ်က ထင်ထင်ရှားရှား ပြသနေပါတယ်။ ကျူရှင်ပြလေ့မရှိဘဲ လိုအပ်ရင် သီးခြား အခမဲ့သင်ပေးလေ့ရှိတဲ့ ဇီ၀ဗေဒ ဆရာမ ဒေါ်ကျင်ယူဟာ ကျောင်းသားကျောင်းသူတွေအကြား စိတ်စေတနာကောင်းရှိသူအဖြစ် ထင်ရှားပါတယ်။
ဒေါ်ကျင်ယူရဲ့ ရုပ်အလောင်းကို မနက်ဖြန် မေ ၂၄ မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
သူ ကွယ်လွန်ချိန်မှာတော့ Grade 11 တက်နေတဲ့ သားတစ်ယောက်နဲ့ Grade 7 တက်နေတဲ့ သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။
မနက်ပိုင်းက အုံ့နေတဲ့ မိုးဟာ ဒေါ်ကျင်ယူဆုံးပါးတဲ့နေ့ မေ ၂၂ တစ်နေ့လုံးနီးနီး သဲကြီးမဲကြီးရွာနေတာပါ။
ဒေါ်ကျင်ယူကတော့ စစ်စနစ်ဆိုးကနေ လွတ်မြောက်ရာလမ်း ရှာသွားခဲ့ပါပြီ။
စစ်တပ်က ဖြိုခွင်းဖိနှိပ်မှုတွေရှိနေပေမဲ့ ထားဝယ်လူငယ်တွေကလည်း မြို့ပေါ်နဲ့ ကျေးရွာတွေမှာ မိုးသည်းသည်းကြားထဲမှာ အာဏာသိမ်းစစ်တပ်ကို နည်းအမျိုးမျိုးနဲ့ ပြောက်ကျားဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ စစ်စနစ်ဆိုးကို တော်လှန်နေကြဆဲဖြစ်ပါတယ်။