သတင်း

ချင်းပြည်နယ် ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရ

တောင်တန်းဒေသ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ကို ယမန်နေ့ (ဇန်နဝါရီ ၁၈) ညနေ ၃ နာရီဝန်းကျင်တွင် ချင်းအမျိုးသားတပ်မတော် (CNA) က ပြောက်ကျားတိုက်ခိုက်ခဲ့သည်။

မြို့အရှေ့ဘက်အစွန်ရှိ ဖာရ်တောက်ရပ်ကွက်မှ စာသင်ကျောင်းတွင် တပ်စွဲနေသူများကို မိနစ်ပိုင်းကြာ ပစ်ခတ်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CNA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“မြို့တွင်းထဲမှာ တိုက်ပွဲအကြီးတွေဖော်ဖို့ကတော့ ပြည်သူလူထုထိခိုက်မှုကို အလေးထား စဉ်းစားတယ်” ဟု သူက ပြောသည်။

ထိုစခန်းတွင် စစ်ကောင်စီ လက်နက်ကိုင် ၁၀ ဦးခန့် ပုံမှန်တပ်စွဲလေ့ရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သုံးဦးသေ၊ တစ်ဦး ဒဏ်ရာရသည်ဟု ၎င်းက ဆိုသည်။ သီးခြားအတည်မပြုနိုင်သေးပေ။

မြန်မာနိုင်ငံအနောက်ပိုင်း၊ အိန္ဒိယနယ်စပ် ထန်တလန်မြို့နယ်ရှိ ဝါရင့် ချင်းတော်လှန်ရေးအဖွဲ့ CNF ဌာနချုပ်ကို စစ်ကောင်စီက ဇန်နဝါရီ ၁၀၊ ၁၁ ရက်များတွင် နှစ်ရက်ဆက်ဗုံးကြဲခဲ့ပြီးနောက် CNA က ပြန်လည် စစ်ဆင်ခြင်းဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စာသင်ကျောင်းတည်ရှိရာ ဖာရ်တောက်ရပ်ကွက်မှ လူငယ် ၂၀ဦး ကျော် ဖမ်းဆီးခံရပြီး ယနေ့(ဇန်နဝါရီ ၁၉) နံနက်ပိုင်းအထိ ပြန်လွတ်မြောက်ခြင်းမရှိသေးကြောင်း ဖလမ်းမြို့ခံတချို့ထံမှ စုံစမ်းသိရှိရသည်။

“မိသားစုလိုက်လား မသိဘူး၊ သုံးနှစ်အရွယ် ကလေးတစ်ယောက် ရှိတယ်။ အဲဒီကလေးလည်း ခုထိတော့ မလွတ်သေးဘူး။ အဓိကတော့ မနေ့က ဖြစ်ထားတဲ့နေရာ ရပ်ကွက် အဲဒီအနီးအနားက ရှိတဲ့သူတွေကို ဖမ်းထားတာ။ ဘယ်မှာ ထိန်းသိမ်းထားလဲတော့ အတိအကျ မသိဘူး။(ဒီမနက်) မြို့ထဲမှာတော့ စစ်တပ်က ကင်းလှည့်တာတော့ ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်ဘက်မှ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရကြောင်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီကို ခုခံနေသည့် နောက်ထပ် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ဆိုသည်။

CNA က ညှိနှိုင်းတိုင်ပင်မှု မရှိဘဲ ထိုသို့ တိုက်ပွဲဖော်ဆောင်ခြင်းဖြစ်သည်ဟု CNDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“CNA အနေနဲ့ မြို့နယ်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို အပြန်အလှန်လေးစားမှုရှိစေချင်တယ်။

ပူးပေါင်းညှိုနှိုင်းပြီး လုပ်ဆောင်ရမဲ့ဟာကို ကျော်ပြီးလုပ်သွားတော့ နှစ်ဖက်အဖွဲ့အစည်းကြားမှာ ယုန်ထင်ကြောင်ထင်တွေ ဖြစ်ကုန်တာက မကောင်းဘူးလေ။ ပူးပေါင်းညှိုနှိုင်း လုပ်ဆောင်ခဲ့ရင် ဒီထက်ကောင်းတဲ့ ရလဒ်ကိုတောင် ဖော်ဆောင်နိုင်ပါမယ်” ဟု သူက ဆိုသည်။

ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုတွင် အင်အား နှစ်သောင်းခန့်ဖြင့် စစ်ရေးလှုပ်ရှားနေသည့် CNA ကမူ ပြည်နယ်တစ်ခုလုံးတွင် ပြုလုပ်နေကျ စစ်ဆေးရေးပုံစံအတိုင်း ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

“ဟိုဒေသကို အရင် အကြောင်းကြား၊ ဒီဒေသကို အကြောင်းကြားဖို့ထက် စစ်ရေးကို အလေးပေးပြီးတော့ လုပ်တာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပါ။

အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၂၀၂၂-၂၀၂၃ ပညာနှစ်တွင် လက်နက်ကိုင် ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်အတွင်း ဖလမ်းမြို့တွင် အခြေခံပညာကျောင်း ၇ ကျောင်းကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ထားသည်။

ထိုကျောင်းများတွင် စစ်တပ်က လက်နက်အပြည့်အစုံဖြင့် တပ်စွဲထားသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) က ၂၀၂၂၊ ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များ၏ ခြိမ်းခြောက်မှု၊ အခွန်ပါကောက်နေ၍ စစ်ကောင်စီပုံရိပ်ကျဆင်းမှုတို့ကို ဝန်ကြီးချုပ် ငွန်ဆန်းအောင်က နေပြည်တော်တွင် ယမန်နှစ် ဖေဖော်ဝါရီက ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင်း အာဏာသိမ်း စစ်ခေါင်းဆောင်ကို အသိပေးဖူးသည်။

လူဦးရေ ငါးသိန်းကျော်ရှိပြီး လေးသိန်းကျော်နေထိုင်သည့် ကျေးလက်တွင် ဒေသခံ CDF အဖွဲ့များ အလံထောင်၍ စိုးမိုးထားကြောင်း၊ ပြည်နယ်အတွင်းရှိ ဆရာဝန် ၉၉ ရာခိုင်နှုန်းမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း လမ်းများပေါ်တွင် CDF က စစ်ဆေးမှုများ လုပ်နေသည်၊ အရပ်သားတို့ကို အန္တရာယ်မပြုသော်လည်း စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လျှင် ဖမ်းဆီး၊ ပစ္စည်းသိမ်းနေ၍ ဝန်ထမ်းတို့မှာ ရဟတ်ယာဉ်ဖြင့်သာ သွားလာနေရသည်ဟု စစ်ကောင်စီ ဝန်ကြီးချုပ် ငွန်ဆန်းအောင်က ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button