
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ရွှေပေါက်ပင်ကျွန်းကို ယမန်နေ့ ဇန်နဝါရီ၁၇ နံနက်ပိုင်းတွင် ရောက်သွားသော စစ်ကောင်စီတပ်သားများက အိမ်တွင်းပစ္စည်းများ ခိုးယူကြပြီး နေအိမ် ၃၉ လုံးကို မီးရှို့သွားကြသည်ဟု ဒေသခံများက ပြောသည်။
ငါန်းဇွန်မြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးရှိ ထိုနေရာတွင် နေအိမ် ၁၀၀ နီးပါး ရှိကြောင်း၊ အိမ်နီးချင်း မြောင်မြို့နယ်ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များ ရှိမည်ဟု ယူဆပြီး ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မြောင်နဲ့ ဟိုဘက်ဒီဘက်ကမ်းဆိုတော့ PDF ခိုအောင်းနိုင်တယ်ဆိုပြီး ဝင်မွှေတာ။ ဘာမှ မတွေ့ဘဲ ရှို့တာ၊ PDF စခန်းရှိလို့ မဟုတ်ဘူး” ဟု သူက ပြောသည်။
ဒေသခံတို့က ဂျပန်ကျွန်းဟု ခေါ်ကြသော ထိုနေရာကို စစ်သား ၇၀ ခန့်က ကား ၃ စီးဖြင့် နံနက် ၄ နာရီခန့်တွင် ရောက်လာသည်၊ ၇ နာရီခန့်တွင် စတင်မီးရှို့သည်ဟု သူက ဆက်ပြောသည်။
“သေနတ် အရင်ပစ်တာပဲ၊ ရွာသားတွေက မြစ်နဖူးဘေး ပြေးရတာပေါ့။ ရွာသားတွေ မရှိတော့ဘူးဆိုမှ လှည်းတွေ နွားတွေနဲ့ပါ ပစ္စည်းတွေ တင်ယူသွားတယ်၊ အရင်လို အလွတ်တန်းရှို့တာ မဟုတ်ဘူး၊ ပစ္စည်းတွေခိုးပြီးမှ ရှို့တာ” ဟု ထိုဒေသခံအမျိုးသားက ပြောသည်။
နံနက် ၁၀ နာရီခွဲတွင် စစ်သားများ ပြန်ထွက်သွားကြပြီး ထိုနေရာနှင့် ၇ မိုင်ခန့်ဝေးသော ငါန်းဇွန်မြို့၊ သားကျင်ကျေးရွာသို့ ပြန်သွားကြသည်ဟု သိရသည်။
အိမ်ခြေ ၁,၀၀၀ ခန့်ရှိသည့် ငါန်းဇွန်မြို့သည် စစ်ကောင်စီတပ်ကို လက်နက်ကိုင် ခုခံတိုက်ခိုက်မှုအားကောင်းသော စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မြင်းမူမြို့တို့ အနီးတွင် တည်ရှိသည်။

တိုက်နယ်အဆင့်ရှိ ငါန်းမြာကြီးရွာ၊ သားကျင်ရွာတို့တွင် စစ်သားအင်အား ရာဂဏန်းနီးပါးစီ စခန်းချ တပ်စွဲထားသည်။
မြစ်တစ်ဖက်ကမ်း မြောင်ဒေသတွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ် တို့ ထိတွေ့တိုက်ပွဲဖြစ်ပါက ငါန်းဇွန်၊ ငါန်းမြာဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလေ့ရှိသည်ဟု သိရသည်။
ယမန်နေ့က စစ်သားများပြန်လည်ထွက်ခွာသွားပြီးနောက် ဒေသခံအမျိုးသားတချို့ မီးဝင်ငြှိမ်းခဲ့သော်လည်း နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်း မရှိသေးပေ။
ရွှေပေါက်ပင်ကျွန်းကို မီးဝင်မရှို့မီ ၂ ရက်အလိုကပင် တစ်မိုင်နီးပါးသာ ဝေးသော မရိုးကုန်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီး ကျောင်းဆရာတစ်ဦးအပါအဝင် ဒေသခံအမျိုးသား ၃ ဦးကို ဖမ်းဆီးထားသည်။ ထိုသူတို့ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပေ။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇ ကလည်း ရွှေပေါက်ပင်ကျွန်းကို စစ်ကောင်စီတပ်က မီးဝင်ရှို့ခဲ့သေးသည်။ ထိုစဉ်က နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံ ရာဂဏန်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းရှိ ဒေသများတွင် ကျေးရွာများကို စစ်သားများက စစ်ကြောင်းထိုး ဝင်ရောက်ပြီးဒေသခံများကို ကာကွယ်ရေးအဖွဲ့များ၏သတင်းများ မေးမြန်းခြင်း စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် လမ်းပြခိုင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ပြီးနောက် မိသားစုထံမှ ငွေညှစ်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။
ထို့အပြင် နေအိမ်များကို စွန့်ခွာကာ စစ်ဘေးရှောင်နေကြရသည့် လူမရှိတော့သော နေအိမ်များမှ အသုံးအဆောင်များကိုလည်း ဖောက်ထွင်းခိုးယူသွားတတ်ကြသည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်ကာလအတွင်း ပြည်သူ့အိုးအိမ်ပေါင်း ၄၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံတစ်ဝန်းမှ လူပေါင်း ၁.၁ သန်းကျော် စစ်ဘေးရှောင်နေကြရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR) က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
သတင်းများတွင် နေ့စဉ် ဖော်ပြနေကြသော သတ်ဖြတ်မှု၊ အိမ်မီးရှို့မှု၊ ခိုးယူမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက အထူးတလည် ရှင်းလင်းချက်ထုတ်ခြင်း မရှိသလို သတင်းသမားများက ဆက်သွယ်မေးမြန်းလျှင်လည်း ဖြေဆိုခြင်း မရှိပေ။
ယမန်နှစ်ကမူ မီးရှို့မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ပြောဆိုခဲ့ဖူးသည်။
ရွှေပေါက်ပင်ကျွန်း မီးရှို့ခံရသည့် ရုပ်သံမှတ်တမ်း
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)