သတင်း

နတ်မောက်တွင် လူဦးရေစာရင်းကောက်မည့် စစ်သားများ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် လူဦးရေစာရင်း ကောက်ယူမည့်အဖွဲ့ကို လုံခြုံရေးယူပေးမည့် စစ်ကောင်စီ ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးပြီး ဒေသခံကာကွယ်ရေးအဖွဲ့များကို တောနင်းရှာဖွေနေကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ တွင် သဗွတ်ပင်ရွာမှ ဆိုင်ကယ် ၆ စီးဖြင့် ထွက်လာသည့် စစ်ကောင်စီလက်နက်ကိုင် ၁၂ ဦးကို နတ်မောက် ဂဠုန် PDF အဖွဲ့၊ ကျားသစ်နက် ပူးပေါင်းစစ်ကြောင်းတို့က ဖက်တောရေရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့တိုက်ခိုက်မှုအပြီး ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှစတင်ကာ ရွာမွန် လက်နက်သိုလှောင်ရေးတပ်နှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ – ၁၇ တို့မှ အင်အား ၁၀၀ နီးပါးပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့က မိုင်းထိခဲ့သည့်နေရာအနီးတစ်ဝိုက်  စစ်ကြောင်းထိုးနေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဖက်‌‌တောရေနားကနေ ကျွန်တော်တို့ ထွက်နိုင်တဲ့ထွက်ပေါက်တွေဖြစ်တဲ့ ဆည်လယ်တို့၊ အိုင်မတို့၊ ကြက်သောင်းရေတို့၊ အနောက်ဘက်ကဆိုရင် သဗွတ်ပင်တို့မှာ ထွက်ပေါက်လမ်းတွေကို အကုန်ပိတ်ပြီးထိုးနေတယ်။ ဒီတစ်ခေါက် (စစ်ကြောင်း) ကအင်အားအများဆုံးပဲ” ဟု သူက ပြောသည်။

သဗွတ်ပင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးက အဖွဲ့ ၂ ဖွဲ့ခွဲကာ စာရင်းကောက်သူများကို လုံခြုံရေးပေးရန် သွားရောက်စဉ် တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆိုင်ကယ်များ ဖြတ်လာစဉ် မိုင်း ၈လုံး သွယ်တန်းထားသည့် ပဒေသာမိုင်းကို ခွဲလိုက်ကြောင်း၊ မိုင်းခွဲပြီး နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နတ်မောက်ဂဠုန် PDF တာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ကလည်း လက်နက်အင်အားက နည်းတဲ့အခါကျတော့ ကျည်လည်းကုန်တော့ ပြန်ဆုတ်လာခဲ့ရတာ။ သူတို့က နောက်ကလည်း စစ်ကူက ရောက်လာတဲ့အနေအထားပေါ့” ဟု နတ်မောက် ဂဠုန် PDF အဖွဲ့တာဝန်ခံက ပြောသည်။ 

ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦး ပေါင်ကို ကျည်ထိမှန်ခဲ့ကြောင်း ထိုအဖွဲ့ထံမှ သိရသည်။  

မိုင်းထိစစ်တပ် မည်သို့ ထိခိုက်သွားသည်ကို မသိရသေးပေ။

လူစာရင်းကောက်မှုအစီအစဉ်လည်း ရပ်ထားသည်ဟု ဒေသခံများက ဆိုသည်။

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းမွေးရပ်ဇာတိဖြစ်သည့် နတ်မောက်မြို့နယ်၊ ဖက်တောရေရွာအနီးတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းထိပြီး ရဲ ၄ ဦးသေ၊ သေနတ် ၂ လက် ဆုံးရှုံးသွားသည်။

ထိုစဉ်ကလည်း ဖက်တောရေရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး လနှင့်ချီ တပ်စွဲကာ မွှေနှောက်မှုကြောင့် ဒေသခံအများစုမှာ ထိုအချိန်ကတည်းက ဘေးလွတ်ရာ ရှောင်တိမ်းနေရသည်။

စစ်ကောင်စီက လူဦးရေစာရင်းကောက်ယူရာတွင် ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရကြောင်း ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ရဲအုပ်တစ်ဦး၊ ချင်းပြည်နယ်ဟားခါးမြို့တွင် ရဲဒုတပ်ကြပ်တစ်ဦးတို့ သေဆုံးခဲ့သည်၊ စစ်ကိုင်း၊ မကွေး၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းတို့မှ အုပ်ချုပ်ရေးရုံးအချို့လည်း ဖျက်ဆီးခံခဲ့ရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲသည် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လူထုကို တိုက်တွန်းထားပြီး ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်ကောင်စီလက်နက်ကိုင်များ ပူးပေါင်းပြီး လူဦးရေစာရင်းကောက်လျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF များက မဲစာရင်းကောက်ယူမှုကို မပူးပေါင်းကြရန် ထုတ်ပြန်ထားသည်။

လတ်တလော လူဦးရေစာရင်းကောက်ယူနေမှုတွင် ပူးပေါင်းပါဝင်နေသော ဝန်ထမ်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု NUG က ဇန်နဝါရီ ၉ တွင် ကြောညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button