အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဦးတွင် မိုင်းနင်းမိသူ ကားသမား ခြေထောက်ပြတ်၊ ကျန်တစ်ဦးလည်း ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ပြန်ထွက်ခွာသွားချိန် ကွမ်းယာဆိုင်၌ ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံ အမျိုးသားနှစ်ဦး ဒဏ်ရာရသွားသည်။ 

ယခုလ ၁၃ နှင့် ၁၄ ရက်တို့တွင် အင်အား ၈၀ ဝန်းကျင်စီဖြင့် ဒီပဲယင်းမြို့နယ်ဘက်မှ ဝင်ရောက်လာသည့် စစ်ကြောင်းနှစ်ခုက ရေဦးမြို့နယ်အနောက်ခြမ်းကျေးရွာများကို ဆက်တိုက်မီးရှို့ခဲ့ပြီး ဇန်နဝါရီ ၁၅ တွင် ရေဦးမြို့ပေါ်မှတစ်ဆင့် မူးမြစ်တစ်ဖက်ကမ်း ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့နေသည်။

ကုန်းသာ၊ ချမ်းသာ၊ ရွာသစ်၊ ရွာမိသာရွာများအပါအဝင် ကျေးရွာများကို ဝင်ခဲ့သည့် စစ်ကြောင်းက ရေဦးနယ်မှ ပြန်ထွက်ချိန် မြို့အနောက်ဘက် ၄ မိုင်ခန့်အကွာရှိ ကုန်းသာရွာအနီး မိုင်းထောင်ထားခဲ့ခြင်း ဖြစ်သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဇန်နဝါရီ ၁၆ ရက် နေ့လယ်က ကျေးရွာတစ်ခုမှတစ်ခုသို့ ပြေးဆွဲသည့် ကုန်တင်ကားလိုင်းဖြင့် လာသော ဒေသခံ အမျိုးသားနှစ်ဦးက ပိတ်ထားသော ကွမ်းယာဆိုင်အတွင်း ဝင်နားစဉ် မိုင်းနင်းခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသက် ၄၀ ကျော်အရွယ် ဦးကျော်ဆိုသူ ကားပိုင်ရှင်မှာ ဘယ်ခြေချင်းဝတ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို၊ ၃၀ ဝန်းကျင် ယာဉ်မောင်းဖြစ်သူမှာလည်း ခန္ဓာကိုယ်အနှံ့တွင် မိုင်းစများ ထိမှန်ခဲ့ကြောင်း ပေါက်ကွဲသံကြား၍ လာရောက်ကူညီခဲ့သည့် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဂျိမ်းက ပြောသည်။

“ကားသမားနှစ်ယောက်၊ သူတို့က နားနေကျ ကွမ်းယာဆိုင်မို့လို့ ဝင်တာ၊ ကွမ်းယာဆိုင်ပိုင်ရှင်က သူ့အိမ် မီးရှို့ခံလိုက်ရလို့ ကွမ်းဆိုင် မထွက်နိုင်ဘူး။ ကားသမားနှစ်ယောက်က ကွမ်းယာဆိုင်ထဲ ဝင်လိုက်တဲ့အချိန် မိုင်းနင်းမိသွားတာ” ဟု သူက ဆိုသည်။

ဦးကျော်မှာ ဘယ်ခြေထောက် ဖြတ်တောက်လိုက်ရသည်၊ အခြားတစ်ဦးမှာ လည်ပင်း၊ မျက်နှာ၊ ပေါင်နှင့် လက်တို့တွင် ဗုံးစများထိမှန်ခဲ့ပြီး ၎င်းတို့ ဆေးကုသမှုခံယူနိုင်ရန် လိုက်လံကူညီပေးခဲ့ကြသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် တပ်ရင်း ၁၄ မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ပြောသည်။

“ဒီ ရေဦးနယ်မှာတော့ ဒီလိုမြေမြှုပ်နင်းမိုင်းကို အခု ပထမဆုံးအကြိမ် စကြုံဖူးတာပါ။ မိုင်းနင်းမိတဲ့ ကားသမားကြီးကတော့ ခြေထောက်ဖြတ်ပစ်လိုက်ရတယ်လို့ ကြားရပါတယ်။ အခုတော့ ကျွန်တော်တို့ တပ်ရင်းက မိုင်းရှာစက်နဲ့ လိုက်ရှာပြီး ရှင်းလင်းရေးလုပ်ပေးနေပါတယ်။ ထပ်တွေ့တာတော့ မရှိဘူး” ဟု ဆိုသည်။

ဇန်နဝါရီ ၁၄ တွင် ထိုစစ်ကြောင်းသည် ကက်သလစ်ဘာသာဝင်အများအပြားရှိသော ချမ်းသာရွာမှ နှစ် တစ်ရာကျော် သက်တမ်းရှိသော ဘုရားကျောင်းအပါအဝင် နေအိမ် ၁၀၀ ကျော် မီးရှို့ခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ ပြင်းထန်နေရာ နှစ်ဖက်က မိုင်းများ အပြန်အလှန်အသုံးပြုကြပြီး မိုင်းကြောင့် ထိခိုက်သေဆုံးသူများ အရပ်သားများလည်း ရှိသည်။​

ခင်ဦးကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီ၏ မြေမြှုပ်မိုင်းတစ်ခုအား တူးဖော်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -Myanmar Now)

ကာကွယ်ရေးအဖွဲ့များက လက်လုပ်မိုင်း၊ ပဒေသာမိုင်း အများဆုံးအသုံးပြုကြပြီး စစ်ကောင်စီတပ် သုံးသော မြေမြှုပ်မိုင်းမှာလည်း ပေါက်ကွဲမှု ပြင်းထန်သည်ဟု ဆိုသည်။

ယမန်နှစ် စက်တင်ဘာအတွင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ခြမ်းတွင် တောင်ယာသွားသည့် အသက် ၁၂ နှစ် အရွယ် သမီးနှင့် မိခင်ဖြစ်သူတို့ စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားသည်။

အလားတူ ယင်းနှစ် စက်တင်ဘာ ၂၆ ကလည်း ကောလင်းမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေစဉ် ထွက်ပြေးသည့် အရပ်သား ၃ ဦး ဒေသခံကာကွယ်ရေးအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်း နင်းမိ၍ သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာစဉ် ဒေသတွင်းရှိ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ၊ ကျေးရွာများကို ဝင်ရောက်မီးရှို့ပြီး ပြန်လည်ထွက်ခွာချိန်တွင် မိုင်းထောင်သွားလေ့ရှိ၍ စစ်ကြောင်းပြန်ထွက်ပါက ကာကွယ်ရေးအဖွဲ့များက ရွာအတွင်း ဝင်ရောက် ရှင်းလင်းပေးရလေ့ရှိသည်။

စစ်ကြောင်းအတွက် ကြိုတင်ထောင်ထားသော မိုင်းများကိုလည်း စစ်တပ်ထွက်ခွာသွားပါက ကာကွယ်ရေးအဖွဲ့များက ပြန်လည်ဖြုတ်သိမ်းလေ့ရှိကာ မိုင်းမတော်တဆအန္တရာယ်ကြောင့် ကာကွယ်ရေးအဖွဲ့ဝင်တချို့ သေဆုံးမှုတချို့ ရှိခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များက ရှင်းလင်းရေး လုပ်ဆောင်ပြီးချိန်အထိ စောင့်ဆိုင်း၍ အန္တရာယ်ကင်းရှင်းချိန်မှ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ကြရန် ခရိုင်တပ်ရင်း ၁၄ တာဝန်ရှိသူက တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကလည်း ခင်ဦးမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေး လှည်းလမ်းကြောင်းပေါ်တွင် မြေမြှုပ်နင်းမိုင်းများ ထောင်ခဲ့သည့်အတွက် နွားလှည်းတစ်စီးက နင်းမိပြီး လူရော၊ နွားပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းနေရာကို ခင်ဦးမြို့နယ် ပကဖနှင့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များက ရှာဖွေရာ မပေါက်ကွဲသေးသည့် နင်းမိုင်း ၄ လုံးကိုလည်း တွေ့ရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button