သတင်း

ကန့်ဘလူတွင် မိုင်းနင်းမိသဖြင့် သားအမိ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ခြမ်းတွင် သားအမိ ၃ ဦး တောင်ယာသွားစဉ် မိုင်းနင်းမိပြီး အသက် ၁၂ နှစ်အရွယ် သမီးနှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ 

ကန့်ဘလူမြို့အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်အကွာ ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ ဇင်းရွာမှ အသက် ၄၂ နှစ် အရွယ် ဒေါ်ကြည်ကြည်ဝင်းမှာ ယခုလ ၂၇ ရက်က သားသမီးနှစ်ဦးနှင့် တောင်ယာသွားရင်း ထိုသို့ မိုင်းနင်းမိခြင်းဖြစ်သည်။ 

စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် ဇင်းရွာမြောက်ဘက် မိုင်ဝက်ခန့်အကွာနေရာတွင် မိုင်းနင်းမိခြင်း ဖြစ်ကာ ဒေါ်ကြည်ကြည်ဝင်းနှင့် သမီးဖြစ်သူ မခေတ်သစ်ဦးတို့ ပွဲချင်းပြီးသေဆုံးပြီး ၈ နှစ်အရွယ် သားဖြစ်သူ မှာ ဒဏ်ရာအပြင်းအထန်ရသဖြင့် မန္တလေးမြို့တွင် ဆေးကုသနေရသည်ဟု သိရသည်။​

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပြန်ခုခံသူများ ပေါ်ပေါက်လာသော စစ်ကိုင်းတိုင်းအတွင်း စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက မိုင်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည်။

ကန့်ဘလူမြို့နယ် ဇင်းရွာမှ ဒေါ်ကြည်ကြည်ဝင်းတို့ သားအမိသုံးဦးသား နင်းမိသည့် မိုင်းမှာ စစ်တပ်နှင့် ပျူစောထီးများ ထောင်ထားသည့် မိုင်းဖြစ်ကြောင်း ကန့်ဘလူခရိုင် PDF တပ်ရင်း (၃) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က ရွာရဲ့ နှစ်မိုင်ပတ်ချာလည်လောက်ကို မိုင်းတွေကာထားတယ်။ ပျုတွေက တပ်စွဲပြီး တိုက်မိုင်း ကာထားတယ်။ PDF တွေ မကပ်နိုင်အောင် လုပ်ထားတာပေါ့” ဟု သူက ဆိုသည်။

အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိ ဇင်းရွာတွင် အာဏာသိမ်းပြီးကတည်းက အနည်းဆုံး စစ်သားဆယ်ဂဏန်းခန့် တပ်စွဲ နေထိုင်နေပြီး စစ်ကောင်စီစစ်ကြောင်းများ ဖြတ်သွားပါက လုံခြုံရေးလိုက်ပေးနေသည်ဟု သိရသည်။​

ဇင်းကျေးရွာအတွင်း စစ်သားနှင့် ပျူစောထီးများ တပ်စွဲနေထိုင်သဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများ ရွာကို ပြန်မဝင်ရဲကြကြောင်း ဇင်းကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်က ပြောသည်။

အရပ်သား ၂ ဦး သေဆုံးခဲ့သည့် မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်ဆေးမှုများ မပြုလုပ်နိုင်သေးသဖြင့် မည်သည့်ဘက်ကမိုင်းဖြစ်ကြောင်း တိတိကျကျပြောနိုင်ရန် ခက်ခဲသေးကြောင်း သူက ဆိုသည်။

“……တွေက ထောင်ထားတဲ့ မိုင်းလား၊ ကျွန်တော်တို့ဘက်က ထောင်ထားတဲ့ မိုင်းလားဆိုတာတော့ တိတိကျကျ မပြောနိုင်သေးဘူး။ ပျူစောထီးတွေက ရွာမှာ တပ်စွဲထားတာ။ အနီးကပ်ဆိုတော့ မိုင်းကို သွားမစစ်ရသေးဘူး။ ပျူတွေကလည်း ရွာနား မိုင်းတွေကာတယ်” ဟု ရွာပကဖခေါင်းဆောင်က ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ အသုံးပြုသော လက်လုပ်မိုင်းတချို့အား ဇူလိုင်လ ပထမပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-B.I.A (ဒီပဲယင်း)

မည်သည့်ဘက်က ထောင်ထားသောမိုင်းဖြစ်ကြောင်း လတ်တလောတွင် Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

အဆိုပါရွာထဲတွင် လက်ရှိအချိန်၌ စစ်သားနှင့် ရဲ ၉ ဦး ရှိကြောင်း၊ ပျူစောထီး ၄၇ ဦး ရှိသည့်အနက် ၎င်းတို့ ကိုင်ဆောင်သည့် မောင်းပြန်သေနတ် အလက် ၂၀ ရှိကြောင်း ပျူစောထီးအဖြစ် အဓမ္မစုဆောင်းခံရသဖြင့် ယမန်နေ့ (စက်တင်ဘာ ၂၉) က ထွက်ပြေးလာသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော် အဲဒီအထဲ (ပျူစောထီးအဖွဲ့) မှာကို သုံးလလောက် ကြာတယ်။ ညသန်းခေါင်ကြီး အတင်းအဓမ္မ လာခေါ်ခံရတာ၊ ပြည်သူ့စစ်ဖွဲ့မှာဆိုပြီး စစ်သားတွေနဲ့ ပျူတွေက လာခေါ်တာ” ဟု သူက ပျူစောထီးအဖွဲ့တွင် ပါဝင်ခဲ့ရပုံကို ပြန်ပြောပြသည်။

ရဲနှင့် စစ်သားများ တပ်စွဲထားသည့် အရာရှိရိပ်သာတွင် ပျူစောထီးများက ကင်းစောင့်ပေးရကြောင်း၊ စစ်သားများနှင့်အတူ တစ်ခါတစ်ရံ စစ်ကြောင်းများ၌ လိုက်ပါရကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ကလည်း ကောလင်းမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေစဉ် ထွက်ပြေးသည့် အရပ်သား ၃ ဦး ဒေသခံကာကွယ်ရေးအဖွဲ့များ ထောင်ထားသည့်မိုင်း နင်းမိ၍ သေဆုံးခဲ့သည်။

ယခင်က တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့သော ရခိုင်၊ ကချင်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ တွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ၏ လက်နက်အကြွင်းအကျန်များ၊ မပေါက်ကွဲသေးသောမိုင်းများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button