သတင်း

ဆားလင်းကြီးတွင် မီးရှို့နေသည့် စစ်သား ၁၀၀ လေကြောင်းပစ်ကူ ယူရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများကို စီးနင်းနေသော စစ်ကောင်စီတပ် စစ်ကြောင်းကို ယမန်နေ့ (ဇန်နဝါရီ ၁၆) တွင် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့ တစ်ဒါဇင်နီးပါးက ဝိုင်းဝန်းတိုက်ခိုက်နေစဉ် စစ်တပ်ကလည်း  ရဟတ်ယာဉ်တစ်စီး စေလွှတ်ပြီး ပစ်ခတ်ခဲ့သည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဆားလင်းကြီးမြို့ မြောက်ဘက် ၂ မိုင်ကျော်အကွာ ချင်းတွင်းမြစ်ကမ်းဘေးတွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်တပ်နှင့် ရင်ဆိုင်ရခြင်းဖြစ်သည်ဟု သိရသည်။

နှစ်နာရီနီးပါးကြာ တိုက်ပွဲအတွင်း ဆားလင်းကြီး၊ မုံရွာ ဒေသခံကာကွယ်ရေးအဖွဲ့များ အသာစီးရနေချိန် ရဟတ်ယာဉ်တစ်စီး ရောက်ရှိလာပြီး ၄၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်း တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ဆားလင်းကြီးမြို့နယ်အခြေစိုက် “ဓားမဆိုင်းတပ်မတော်” ထံမှ သိရသည်။

“မြစ်ကြောင်းဘေးတွေမှာ (စစ်ကောင်စီ) သင်္ဘောတွေနဲ့ လာရင် ရင်ဆိုင်ဖို့ ကတုတ်ကျင်းတွေနဲ့ တူးထားတာတွေ ရှိတယ်။ အဲဒါတွေကို ရှင်းလင်းရေးလုပ်တာနဲ့ တူပါတယ်။ လေယာဉ်က မြစ်ကမ်းဘက်ကို ဝိုက်ပစ်တာ။ သူတို့ဘက်က မြေပြင်စစ်ကြောင်းက မြောက်ဘက်က၊ အစ်ကိုတို့က တောင်ဘက်ကနေ မျက်နှာချင်းဆိုင် တိုက်ပွဲဖြစ်တာ” ဟု ထိုအဖွဲ့၏ တာဝန်ခံအမျိုးသားက ပြောသည်။

ဇန်နဝါရီ ၁၅ နံနက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် မြို့မြောက်ဘက် ၃ မိုင်အကွာ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတောင်ဘက် ဖောင်းကတာရွာကို စီးနင်းသည်။

ထိုစစ်သားများက ဖောင်းကတာရွာကို ဖျက်ဆီးခြင်းမရှိခဲ့သော်လည်း ကပ်လျက်ရှိ ဇီးတော၊ ဆည်တဲ၊ မိုးကြိုးပြင် (တောင်) ရွာနှင့် မိုးကြိုးပြင်(မြောက်) ရွာတို့ကို မီးရှို့ခဲ့သည်။

ထို့နောက် ကြေးနီစီမံကိန်းအရှေ့ဘက် ချင်းတွင်းမြစ်ကမ်းပေါ်ရှိ ညောင်ပင်ကြီးရွာတွင် ညအိပ်တပ်စွဲခဲ့ကြောင်း၊ ယမန်နေ့က ရွာတောင်ဘက် မြစ်ရိုးအတိုင်း ချီတက်လာစဉ် ဒေသခံကာကွယ်ရေးအဖွဲ့ တစ်ဒါဇင်နီးပါးက ကြိုတင်စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုမှာ မဖြစ်မနေ ပေါ်ပေါက်လာရသည့် တိုက်ပွဲဖြစ်ကြောင်း “B.E.Dင ညို” ဟု အဖွဲ့အမည်ပေးထားသော ပြောက်ကျားအဖွဲ့ ၏ တာဝန်ခံတစ်ဦးက ပြောသည်။

“ဆားလင်းကြီးမြို့နယ်ထဲမှာ မီးပတ်ရှို့နေတာက လနဲ့ချီနေပြီ။ ထွက်လိုက်ဝင်လိုက်နဲ့ဆိုတော့ ကျွန်တော်တို့ ခံလို့မရတော့ဘူး။ ရှိတဲ့ဟာနဲ့ပဲ တိုက်ရတော့တာပေါ့” ဟု သူက ပြောသည်။

ခင်ဦးမြို့နယ်အတွင်း ရှေ့တန်းတစ်နေရာမှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- Myanmar Now)

ချင်းတွင်းမြစ်ကမ်းဘေးတွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် စစ်တပ်စစ်ကြောင်းတို့ အပြန်အလှန် တိုက်ပွဲဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပစ်ကူကြောင့်သာ စစ်ကောင်စီတပ် သက်သာရာရသွားခြင်း ဖြစ်ကြောင်း ဓားမဆိုင်းတပ်မတော်အဖွဲ့၏ တာဝန်ခံက ဆိုသည်။

“သူတို့ဘက်က ၃ ပုံမှာက ၂ ပုံနီးနီးလောက်ကို  ထိသွားပြီ။ အဲဒီအချိန်မှာ လေယာဉ်ရောက်လာတာ။ သူတို့ဘက်က ဆဲပြီးတော့ သတ္တိရှိရင် လာခဲ့..လာခဲ့လို့ ဆဲနေတာ။ တကယ်သတ္တိရှိရင် ယောက်ျားအချင်းချင်း ယှဉ်ပစ်မယ်လေ။ ဘာလို့ လေယာဉ် ခေါ်တာလဲ။ လေယာဉ် မိနစ် ၂၀ လောက် နောက်ကျရင် သူတို့တော့ ပြီးပြီ” ဟု ထိုသူက ပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သူများအား ထမ်းစင်များဖြင့်ပါ ထမ်းထုတ်သွားသည်ကို တွေ့မြင်ရကြောင်း ၎င်းက ဆက်ပြောသည်။

ယမန်နေ့ ချင်းတွင်းမြစ်ကမ်းဘေးတိုက်ပွဲ၌ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်အများစုက လက်လုပ်သေနတ်များဖြင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်ကို တိုက်ခိုက်ရာမှာ ပူးပေါင်းပါဝင်ခဲ့သည့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DPRA) အဖွဲ့က ထုတ်ပြန်ထားသော ရုပ်သံဖိုင်တွင် တွေ့ရသည်။

တစ်တောင့်ထိုး ခါးချိုးသေနတ်မှာ ကျည်ညပ်နေသည့်အတွက် ခက်ခက်ခဲခဲ အားစိုက်၍ တိုက်ခိုက်နေသူတစ်ဦးကိုလည်း ရုပ်သံတွင် တွေ့ရသည်။

ရဟတ်ယာဉ် ရောက်လာတိုက်ခိုက်နေချိန် ကျည်ညပ်နေသည့် ၎င်းတို့လက်လုပ်သေနတ်များကို ပြုပြင်နေရင်း သေနတ်အစစ် (မောင်းပြန်) ကိုင်သည့် ရဲဘော်တစ်ဦး ၎င်းတို့ရှိရာကို လွှတ်ပေးရန် ပြောဆိုနေသည်ကိုလည်း တွေ့ရှိရသည်။

ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှလည်း Salingyi Special Task Force – SSTF အဖွဲ့မှ ရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး ကျန်အဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ မသိရသေးသလို စစ်ကောင်စီကလည်း ထိုတိုက်ခိုက်မှုများအကြောင်းကို သတင်းအမှောင်ချထားသည်။

ထိုစစ်ကြောင်းသည် လေကြောင်းပစ်ကူကြောင့် ပြန်ထွက်ခွာသွားနိုင်ခဲ့ပြီး ဆားလင်းကြီးမြို့ပေါ်သို့ ပြန်သွားကြောင်း သိရသည်။

၎င်းစစ်ကြောင်း မီးရှို့ခဲ့သည့်ရွာများမှ ဒေသခံအများအပြားသည် ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပြီး အိမ်အရေအတွက်မည်မျှ မီးလောင်သည်ကို မသိရသေးပေ။

ယမန်နေ့ ည ၁၀ နာရီခန့်ကလည်း ဆားလင်းကြီးမြို့ပေါ်ရှိ တရားရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်းနှင့် မြို့နယ်ခန်းမတို့ကို ၈၀ မမ လက်နက်ကြီး အလုံး ၅၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျက်စီးထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဆားလင်းကြီးအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

စစ်ကောင်စီတပ်ဘက်မှ ၆၀ မမ စိန်ပြောင်း၊ စက်ကလေး (စက်သေနတ်) တို့နှင့် ပြန်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဇန်နဝါရီ ၁၂ ကလည်း ဖောင်းကတာရွာ၊ ကိုင်းရွာတို့ကို အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်က စီးနင်းမီးရှို့ရာ ဆားလင်းကြီး၊ မုံရွာအခြေစိုက်ကာကွယ်ရေးအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချုံခိုတိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးခန့် သေဆုံးပြီး ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Attack force အမည်ရ မုံရွာခရိုင် PDF တပ်ရင်းမှ တပ်ခွဲ ၄ ခု၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ဓားမဆိုင်းတပ်မတော်အပါအဝင် ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button