အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဏ္ဏားကျွန်းတွင် AA နှင့် စစ်ကောင်စီတပ်တို့ သုံ့ပန်းထပ်လဲ

နှစ်ဖက်အပစ်ရပ်ထားသော ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၁၅) က ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ သုံ့ပန်း ထပ်မံလှဲလှယ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် ယခင်တစ်ကြိမ်က အလှဲအလှယ်လုပ်ခဲ့သော ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ကွမ်းတောင်ကျေးရွာအကြား စစ်တွေ – ရန်ကုန်ကားလမ်းပေါ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။

“မြင်လိုက်ရတဲ့သူတွေ ပြောကြတာက AA ဘက်က လွှတ်ပေးတာ ၁၀ ယောက်လောက် ပါတယ်။ ပြီးတော့ စစ်တပ်က လွှတ်ပေးတာ ၃ ယောက်လောက် ရှိတယ်လို့ ပြောကြတယ်။ ကျွန်တော်က အတိအကျ မပြောနိုင်ဘူး” ဟု ထိုဒေသခံက ဆိုသည်။

HIJET နှစ်စီး၊ မှန်လုံအိမ်စီးကား သုံးစီးဖြင့် ရောက်လာသော AA  ဘက်မှ လူ ၅၀ ခန့် ရှိပြီး ယူနီဖောင်းများ ဝတ်ဆင်ထားသည်၊ စစ်ကောင်စီတပ်ကလည်း ကားကြီးတစ်စီးဖြင့် အင်အားအများအပြားပါရှိကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒုတိယအကြိမ် သုံ့ပန်း အပြန်အလှန်လွှတ်ပေးမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို AA ပြန်ကြားရေးတာဝန်ရှိသူနှင့် စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်း၍  မရသေးပေ။

ဒေသခံများကမူ ယခုတစ်ကြိမ်လဲလှယ်မှုသည် ဇန်နဝါရီ ၁၄ ၊ ည ၁၁ နာရီခန့်အချိန်တွင် ကွမ်းတောင်ကျေးရွာ မီးရထားဘူတာအနီး အင်အား ၆၀ ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအတွင်း အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့မှုနှင့် ဆက်စပ်ကြောင်း ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တပ်ဖွဲ့ဝင်အချို့လည်း ထွက်ပြေးကြောင်း၊ ထိုသူများကို AA က ဖမ်းမိပြီး စစ်တပ်ဖမ်းထားသူ AA တပ်ဖွဲ့ဝင်တချို့နှင့် ပြန်လဲလှယ်ခြင်း ဖြစ်ကြောင်း ကွမ်းတောင်ရွာသားတစ်ဦးက ပြောသည်။

“အဲဒီနေ့ ည ၁၁ နာရီလောက်မှာ သေနတ်သံ ၄ ချက် ကြားလိုက်ရတယ်။ သတင်းထွက်နေတာက သူတို့ (စစ်ကောင်စီတပ်) အချင်းချင်း သောက်စားမူးယစ်ပြီးတော့ စကားများကြလို့ ပစ်ခတ်မှုဖြစ်တယ်။ တစ်ယောက် သေတယ်လို့ ကြားတယ်။ တချို့က ထွက်ပြေးကြတယ်လို့ သတင်းထွက်နေတယ်” ဟု ထိုသူက ဆိုသည်။

“အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ ထွက်ပြေးသွားတဲ့ စစ်သားတွေကို AA ဘက်က ထိန်းသိမ်းထားတယ်။ အဲဒီလူတွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ကာလမှာ စစ်တပ်က ဖမ်းထားတဲ့ AA တပ်ဖွဲ့ဝင်တွေနဲ့ လဲလှယ်ကြတာ။ စစ်သုံ့ပန်း အပြန်အလှန်လဲကြတာမျိုး မဟုတ်ဘူးလို့ ပြောကြတယ်” 

နှစ်ဖက် လွတ်မြောက်လာသူတို့၏ ရာထူးအဆင့်များ မသိရသော်လည်း စစ်ကောင်စီတပ် လက်အောက်ခံ ရဲဝန်ထမ်းနှစ်ဦး ပါဝင်ကြောင်း ကွမ်းတောင်ရွာဒေသခံများထံမှ သိရသည်။ 

ထိုပစ်ခတ်မှုနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်၊ နံနက် ၇ နာရီခန့်က ပြုလုပ်ခဲ့သည့် သုံ့ပန်းလဲလှယ်ခဲ့စဉ်ကလည်း သုံ့ပန်းအရေအတွက် အတိအကျ မသိရဘဲ ထိုအထဲတွင် AA ဘက်မှ အရာရှိအဆင့်တစ်ဦး ပါဝင်သည်ဟုသာ သိရသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် စစ်တပ်နှင့် AA တို့အကြား ၂၀၁၈ နှစ်ကုန်မှ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ တိုက်ပွဲများ ပြင်းထန်ခဲ့သလို ၂၀၂၂ ဩဂုတ်မှစတင်၍ နိုဝင်ဘာလဆန်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အလားတူ ထိုကဲ့သို့ လှဲလှယ်မှုမျိုးကို ၂၀၂၁ ခုနှစ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ရွာနှင့် ဒီပါရုံရွာအကြား ပြုလုပ်ခဲ့ပြီး ရဲနှင့်စစ်သား ၁၅ ဦးကို AA က ပြန်လွှတ်ပေးခဲ့သည်။ စစ်ကောင်စီက လွှတ်ပေးလိုက်သူအရေအတွက် မည်မျှရှိသည်ကို မသိရပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button