
(ရန်ကုန်) — မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းသည် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာခြင်းမရှိခြင်းကြောင့် ၎င်းကို သတင်းမီဒီယာအဖွဲ့အဖြစ် လက်မခံကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဇွန်လ ၄ ရက် ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
“(မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းဟာ) ကျင့်ဝတ်တွေကို လေးစားလိုက်နာခြင်းမရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒါကြောင့် သတင်းမီဒီယာအဖွဲ့အစည်း မဟုတ်ဘူးလို့ ကောင်စီက ထုတ်ပြန်ကြေညာတယ်” ဟု ကောင်စီဝင် ဦးမြင့်ကျော်က ပြောသည်။
အဆိုပါထုတ်ပြန်ချက်ကို အစိုးရဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ပါ ပေးပို့သွားမည်ဟု လည်း ၎င်းက ဆိုသည်။
သတင်းမီဒီယာဥပဒေ ၉ (ဈ) အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရမည်ဟုပါဝင်ပြီး မီဒီယာကျင့်ဝတ် ၂၁-၁ တွင် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများသည် ရဲတပ်ဖွဲ့နှင့် အခြားတပ်ဖွဲ့၏ သတင်းပေးအဖြစ် လုပ်ကိုင်ခြင်းမပြုရပါဆိုသည့်အချက် ပါဝင်နေသည်။
သို့သော် မှုခင်းသတင်းထောက်များအသင်း၏ လုပ်ငန်းစဉ်များထဲတွင် ရဲတပ်ဖွဲ့သို့ သတင်းပေးခြင်း လုပ်ငန်းစဉ်လည်း ပါဝင်နေသည်။
မှုခင်းသတင်းထောက်များအသင်းသည် မှုခင်းနှင့်ပတ်သက်သည့် ကူညီမှုလုပ်ငန်းများကို ဆောင်ရွက်နေပြီး သတင်းမီဒီယာကောင်စီ၏ လက်အောက်တွင် မရှိသောကြောင့် ကောင်စီ၏ ယခုထုတ်ပြန်ချက်သည် ၎င်းတို့နှင့် မသက်ဆိုင်ပါကြောင်း မှုခင်းသတင်းထောက်များအသင်းက ပြန်လည်တုံ့ပြန်သည်။
၎င်းတို့သည် မှုခင်းဖြစ်စဉ်များတွင် ကူညီမှုလုပ်ငန်းများကိုသာ လုပ်ဆောင်သည့် ပရဟိတအသင်းသာဖြစ်ပြီး “မှုခင်းသတင်းထောက်များအသင်း” ဟု အမည်ပေးခြင်းမှာလည်း သတင်းထောက်များ ပါဝင်စုဖွဲ့ထားသည့် အသင်းဖြစ်သည့်အတွက် ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးသက်နိုင်ဦးက ပြောသည်။
“နဂိုကတည်းက မှုခင်းသတင်းထောက်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က မှုခင်းကူညီမှုလုပ်တဲ့ အသင်းဖွဲ့ထားတယ်။ ဒီနေ့ကြေညာချက်မှာလည်း မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း ပရဟိတအဖွဲ့ ရဲ့ နာမည်ကို ထည့်သုံးထားတဲ့အတွက်ကြောင့် ကျွန်တော်တို့နဲ့ မသက်ဆိုင်ဘူးလို့ ယူဆပါတယ်” ဟု ဦးသက်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းဥက္ကဋ္ဌ ဦးသက်နိုင်ဦးသည် မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သတင်းမီဒီယာကောင်စီထံသို့ တိုင်ကြားစာတစ်စောင် ပို့ခဲ့ပြီး ယင်းတိုင်ကြားစာနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် မေလ ၃၁ ရက်နေ့တွင် ကောင်စီက ဆင့်ခေါ်ခဲ့သော်လည်း ၎င်းကိုယ်တိုင် လာရောက်ခြင်းမရှိခဲ့ဘဲ ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်၏ ဒုတိယအယ်ဒီတာချုပ်ကိုသာ စေလွှတ်ခဲ့သည်။
အဆိုပါရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်တွင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးတင်လှိုင်က ဂုဏ်ထူးဆောင်နာယကအဖြစ် တာဝန်ယူနေပြီး ရဲအရာရှိဟောင်း တစ်ဒါဇင်ကျော်ကလည်း နာယကအဖြစ် ဆောင်ရွက်နေသည်။
မှုခင်းသတင်းထောက်အချို့သည် ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများ ၊ အနိုင်ကျင့်မှုများရှိကြောင်း မကြာခဏ စွပ်စွဲခံနေရသည်။
မှုခင်းသတင်းထောက်အမည်ခံပြီး သတင်းစာကျင့်ဝတ်များကို မလိုက်နာဘဲ ခြိမ်းခြောက်ငွေတောင်းခံမှုများကို ကြပ်မတ်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြားထားကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၂ရက်က ပြုလုပ်သည့် မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲတွင် သတင်းထောက်များကို ပြောကြားသည်။