အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မှုခင်းသတင်းထောက်အသင်းကို မီဒီယာကောင်စီ ကိုင်တွယ်မှု ပြန်ကြားရေးဌာန အသိအမှတ်ပြု

(ရန်ကုန်) — မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းကို မီဒီယာဥပဒေနှင့်ကျင့်ဝတ်များ လိုက်နာမှု မရှိသောအသင်းအဖွဲ့အဖြစ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်သည့် ကြေညာချက်ကို အသိအမှတ်ပြုကြောင်း ပြန်ကြားရေး ဒုဝန်ကြီးက ပြောသည်။

ကောင်စီသည် အစိုးရအသိအမှတ်ပြုသည့် အဖွဲ့အစည်းဖြစ်သည့်အပြင် သတင်းမီဒီယာနှင့် သက်ဆိုင်သည့် အငြင်းပွားမှုများ ဖြေရှင်းရာတွင် အဓိက ကိုင်တွယ်ဖြေရှင်းနေသည့် အဖွဲ့အစည်း ဖြစ်သောကြောင့် ကောင်စီ၏ မှုခင်းသတင်းထောက်များအသင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်အပေါ် အသိအမှတ်ပြုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦအောင်လှထွန်းက ဇွန်လ ၅ ရက်တွင် Myanmar Now ကို ပြောသည်။

“နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံးပါတယ်။ ပြစ်မှုကျူးလွန်တာတွေကိုတော့ သက်ဆိုင်ရာတရားရုံးတွေက ကိုင်တွယ်ပါလိမ့်မယ်။ ကျန်တဲ့ မီဒီယာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကိုတော့ မီဒီယာကောင်စီက လုပ်ပါတယ်။ မီဒီယာကောင်စီရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အလေးထားပါတယ်။ မီဒီယာကောင်စီအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတယ်လို့ပဲ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကောင်စီသည် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းကို သတင်းမီဒီယာအဖွဲ့အဖြစ် လက်မခံကြောင်း ဇွန်လ ၄ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ ထုတ်ပြန်ချက်ကို ပြည်နယ်၊ တိုင်း ဒေသကြီးအစိုးရဌာနများကိုသာမက ပြည်ထောင်စုအစိုးရဌာနများအထိ ပေးပို့မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းမှ ဥက္ကဋ္ဌဖြစ်သူကို နောက်တစ်ကြိမ် ထပ်မံ ဆင့်ခေါ်ထားကြောင်း သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးဇေယျာလှိုင်က ပြောသည်။

“သူ့ကို လာမယ့် ကြာသပတေးနေ့ (ဇွန်လ ၇ရက်) မှာ ကောင်စီရုံးခန်းကို နောက်တစ်ကြိမ် ဆင့်ခေါ်ထားတယ်။ အဲဒီ နောက်ပိုင်းကျမှပဲ ဒီအသင်းနဲ့ပတ်သက်ပြီး ဘာဆက်လုပ်မလဲဆိုတာ ပိုပြီး တိတိကျကျ ပြောနိုင်ပါမယ်။ ထုတ်ပြန်ချက်ကိုတော့ အစိုးရအဖွဲ့ဝင် အားလုံးဆီပို့မယ်” ဟု ဦးဇေယျာလှိုင်က ပြောသည်။

သတင်းမီဒီယာဥပဒေ ၉ (ဈ) အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရမည်ဟု ပါဝင်ပြီး မီဒီယာကျင့်ဝတ် ၂၁-၁ တွင် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများသည် ရဲတပ်ဖွဲ့နှင့် အခြားတပ်ဖွဲ့၏ သတင်းပေးအဖြစ် လုပ်ကိုင်ခြင်း မပြုရပါဆိုသည့်အချက် ပါဝင်နေသည်။

သို့သော် မှုခင်းသတင်းထောက်များအသင်း၏ လုပ်ငန်းစဉ်များထဲတွင် ရဲတပ်ဖွဲ့သို့ သတင်းပေးခြင်း လုပ်ငန်းစဉ်လည်း ပါဝင်နေသည်။

မှုခင်းသတင်းထောက်များအသင်းသည် မှုခင်းနှင့်ပတ်သက်သည့် ကူညီမှုလုပ်ငန်းများကို ဆောင်ရွက်နေပြီး သတင်းမီဒီယာကောင်စီ၏ လက်အောက်တွင် မရှိသောကြောင့် ကောင်စီ၏ ယခုထုတ်ပြန်ချက်သည် ၎င်းတို့နှင့် မသက်ဆိုင်ပါကြောင်း မှုခင်းသတင်းထောက်များအသင်းက ပြန်လည်တုံ့ပြန်သည်။

မှုခင်းသတင်းထောက်အချို့သည် ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများ ၊ အနိုင်ကျင့်မှုများရှိကြောင်း မကြာခဏ စွပ်စွဲခံနေရသည်။

မှုခင်းသတင်းထောက်အဖွဲ့နှင့်ပတ်သက်သည့် အငြင်းပွားမှုများကို သတိထားမိကြောင်း ပြန်ကြားရေးဒုဝန်ကြီးက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တို့မှ အရာရှိဟောင်းများနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသည့် မှုခင်းသတင်းဂျာနယ်များမှ သတင်းထောက်အချို့သည် သတင်းစာကျင့်ဝတ်များကို မလိုက်နာဘဲ ခြိမ်းခြောက် ငွေတောင်းခံမှုများကို ကြပ်မတ်ရန် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြည်ထဲရေးဝန်ကြီးဌာနကို ဖေဖော်ဝါရီလအတွင်းက ထုတ်ဖော် ပြောဆိုခဲ့သည်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles