သတင်း

သတင်းသူခိုး အွန်လိုင်းစာမျက်နှာများတွင် ကြော်ငြာထည့်သွင်းမှု အေဂျင်စီတစ်ခုရပ်ဆိုင်း

သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသော သတင်းခိုးယူ အသုံးပြုသည့် အွန်လိုင်းစာမျက်နှာများတွင် ကြော်ငြာထည့်သွင်းမှုကို ရပ်ဆိုင်းလိုက်ကြောင်း Mango Media Group မှ အမှုဆောင် အရာရှိချုပ် မအေးနှင်းဆွေ က ပြောသည်။

တရားဝင် ရပ်တည်နေသော သတင်းမီဒီယာများထံမှ သတင်းများကို ခိုးယူအသုံးပြုပြီး စီးပွားရှာနေသည့် အွန်လိုင်းမှ စာမျက်နှာများစာရင်းကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အများပြည်သူထံ ထုတ်ပြန်ကြေညာခဲ့ပြီး ထိုထုတ်ပြန်ချက်ပါ စာရင်းများမှ ဌာနများကို ကြော်ငြာထည့်သွင်းမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သတင်းမီဒီယာကောင်စီ(MPC)က  ဇီးကွက်၊ ဖိုးသူတော်၊ Myanmar Breaking News Shwe Mom စသည့် ပြည်တွင်းမီဒီယာများမှ သတင်း၊ ဆောင်းပါးများကို ခိုးယူ အသုံးပြု စီးပွားရှာသည့် အွန်လိုင်းစာမျက်နှာပေါင်း ၃၁ ခုကို သတင်းခိုးယူဖော်ပြသည့် အွန်လိုင်းစာမျက်နှာများဖြစ်ကြောင်း မေလတွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Shwe Mon အွန်လိုင်းစာမျက်နှာဆိုလျှင် Page like အလျင်အမြန်တိုးပွားလျက်ရှိပြီး တစ်ရက်လျှင် ပို့စ်ပေါင်း ၂၀ ခန့် တင်သည်ကို တွေ့ရသဖြင့် လူအင်အားဖြင့် သတ်သတ်မှတ်မှတ် ခိုးယူနေကြောင်း သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

Mango ကြော်ငြာအေဂျင်စီက ၎င်းတို့ထံ ကြော်ငြာအပ်နှံသူများ၏ ဂုဏ်သိက္ခာအရ အဆိုပါ သတင်းခိုးယူကြောင်း စာရင်းတွင် ဖော်ပြခံရသည့် အွန်လိုင်းဌာနများသို့ ကြော်ငြာထည့်သွင်းခြင်း မပြုရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း မအေးနှင်းဆွေက ပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ထားသည့် သတင်းခိုးယူသည့် အွန်လိုင်းစာမျက်နှာများစာရင်း

မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအနေဖြင့်လည်း သတင်းကူးယူဖော်ပြလေ့ရှိသည့် အွန်လိုင်း စာမျက်နှာစာရင်းကို ကြော်ငြာအေဂျင်စီများထံ ပေးပို့၍ အဆိုပါ ဌာနများထံ ကြော်ငြာထည့်သွင်းခြင်း မပြုရန် အကြောင်းကြားမည့် အစီအစဉ် ရှိကြောင်း ကောင်စီမှ ဦးမြင့်ကျော်က ပြောသည်။

သတင်းမီဒီယာကောင်စီကမူ သတင်းခိုးယူဖော်ပြနေသည့် အွန်လိုင်းဌာနများတွင် ကြော်ငြာထည့်သွင်းမှု ရပ်ဆိုင်းကြောင်း မည်သည့် ကြော်ငြာအေဂျင်စီကမျှ အသိပေးမှု တစ်စုံတစ်ရာ မရှိသေးဟု ပြောသည်။

ထင်ရှားသည့် ကြော်ငြာအေဂျင်စီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မဟေမန်က အွန်လိုင်းတွင် နာမည်ကြီးသည့် သတင်းဌာနအချို့ကို သတင်းကူးယူဖော်ပြနေမှန်း မသိခဲ့ကြောင်း၊ ယခု အဆိုပါ ခိုးယူဖော်ပြသည့် စာမျက်နှာများစာရင်းကို တွေ့ရှိရမှသာ သိရခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းတို့အနေဖြင့် အဆိုပါ ခိုးယူသည့် စာမျက်နှာများသည် အွန်လိုင်းတွင် နာမည်ကြီး၍ ကြော်ငြာထည့်သွင်းရန် ကမ်းလှမ်းဖူးသော်လည်း ကြော်ငြာထည့်သွင်းဖြစ်ခဲ့ခြင်း မရှိဖူးကြောင်း ရှင်းပြသည်။  

Show More

Related Articles

Back to top button