အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စုံစမ်းဖော်ထုတ်ခြင်းမှာ သတင်းသမားအလုပ်ဟု မီဒီယာကောင်စီပြော

ရန်ကုန် – စုံစမ်းဖော်ထုတ် တင်ဆက်ခြင်းသည် သတင်းသမားတို့၏တာဝန်ဖြစ်သည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အထိန်းသိမ်းခံ Reuters သတင်းသမား ၂ ဦးနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂ဝ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“မီဒီယာဌာနတစ်ခုသည် ပေါက်ကြားလာသော ဌာနဆိုင်ရာနှင့် အခြားသတင်းအချက်များ ( ဥပမာ – နိုင်ငံရေးသမားများနှင့် ပြည်သူ့ဝန်ထမ်းများထံမှ အချက်အလက်များ)ကို အများပြည်သူ အကျိုးစီးပွား ဖြစ်စေသည်ဟု ခိုင်လုံပါက လူသိရှင်ကြား ထုတ်ဖော်ရမည့် ပရော်ဖက်ရှင်နယ် တာဝန်ရှိသည်” ဟု ကောင်စီ သတင်းမီဒီယာကျင့်ဝတ်ကို ကိုးကားပြီး ကြေညာချက်တွင် ရေးသားထားသည်။

ရက်သတ္တပတ် တစ်ပတ်ကြာ ဖမ်းဆီးခံထားရပြီး မိသားစုနှင့် တွေ့ဆုံခွင့် မရသေးသော လူငယ် သတင်းသမားနှစ်ဦးကို ပြန်လွှတ်ပေးရန် ကြေညာချက်တွင် တောင်းဆိုထားခြင်း မရှိပေ။

သို့သော်လည်း ထိုသတင်းသမားတို့ တာဝန်နှင့် ကျင့်ဝတ်သိက္ခာ ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟူသော သတင်းမီဒီယာဥပဒေအတိုင်း ကောင်စီက ဝင်ရောက် ဖြေရှင်းပေးလိုကြောင်း၊ တရားရုံးတင် စစ်ဆေးမည်ဆိုပါက လိုအပ်လျှင် ကျွမ်းကျင်သူ အသိသက်သေအဖြစ် ကောင်စီက ဆောင်ရွက်လိုကြောင်း ရေးသားထားသည်။

အရေးကြီး လုံခြုံရေး စာရွက်စာတမ်းများ သယ်ဆောင်လာသည့် သတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦး တို့ကို ဖမ်းဆီးပြီး နောက်တစ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁၃ တွင် အစိုးရက ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့သည်။ ရန်ကုန်၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု ဆိုသည်။

ထိုပုဒ်မအရ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ချမှတ်နိုင်သည့် ထောင်ဒဏ်မှာ ၁၄ နှစ် ဖြစ်သည်။

သတင်းထောက် ၂ ဦး လုပ်ကိုင်နေသော Reuters သတင်းဌာနသည် ရခိုင်ဒေသ ဖြစ်ရပ်များကို အဆက်မပြတ် စုံစမ်း တင်ဆက်လျက် ရှိသည်။

သတင်းသမား ၂ ဦးသည် ထောင်ချောက်ဆင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ယူဆသူ အများအပြားရှိနေသည်။

ထိုသို့ ယူဆသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်လည်း ပါဝင်သည်။

‘‘အဲဒီလို အဖမ်းခံရတာတော့ မကောင်းဘူး။ ကျွန်တော်ထင်တာ ကတော့ ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ၊ သူတို့က စာရွက်စာ တမ်းတွေနဲ့ မိတယ်။ အဲဒီစာရွက် စာတမ်းတွေက သူတို့နဲ့အတူတူ ထမင်းစားပြီးတော့ ရဲတွေဆီက ရတယ်လို့ သိရတယ်။ ထွက်သွားတော့မှ တစ်နေရာကျမှ အဖမ်းခံရတာ’’ ဟု ဦးဝင်းထိန်က သတင်းထောက်များနှင့် ဒီဇင်ဘာ ၁၈ ရက်နေ့က တွေ့ဆုံစဉ် ပြောလိုက်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button