သတင်း

အင်းတော်မြို့ စိုက်ပျိုးရေးလုပ်ငန်းခွင်ကို လက်နက်ကြီးကျ၊ ၁ ဦး သေဆုံး

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း အင်းတော်မြို့မှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ယမန်နေ့ (ဇန်နဝါရီ ၁၃) တွင် သေဆုံးသွားသည်ဟု သိရသည်။

ဒေသခံ ကိုနိုင်ဝင်းနှင့် ဇနီးသည်တို့အနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကြောင်း အင်းတော်-PDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့လင်မယားနှစ်ယောက်က မြို့ပြင်ဘက် အင်းပတ်လမ်းမှာ ပဲပင် ပေါင်းထိုးနေကြတာကို စစ်ကောင်စီစစ်ကြောင်းက ရမ်းသန်းပစ်ခတ်တာပေါ့၊ တိုက်ပွဲဖြစ်တာမဟုတ်ဘူး၊ သူတို့ဘာသာ ရမ်းသန်းပစ်ခတ်တာကြောင့် လင်မယားနှစ်ယောက်ထိသွားတာ” ဟု ပြောသည်။

အမျိုးသားမှာ လက်နက်ကြီးစ ပေါင်တွင် ထိမှန်ခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးသည်၊ အမျိုးသမီးမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး အင်းတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

မြို့ပြင်တွင် စစ်ကြောင်းထိုးနေသည့် အမှတ် ၄၁၆ ခြေမြန်တပ်ရင်းမှ စစ်သားများသည် ပစ်ခတ်ပြီးနောက် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ဟုလည်း အင်းတော်-PDF က ဆိုသည်။

စစ်တပ်အစီအစဉ်ဖြင့် ကိုနိုင်ဝင်း၏ အလောင်းကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်) မွန်းလွဲပိုင်းက သင်္ဂြိုဟ်ရာတွင် မိသားစုဝင်အချို့ကို အင်းတော်မီးသင်္ဂြိုဟ်စက်သို့ ခေါ်ယူခဲ့သည်ဟုလည်း သိရသည်။

အင်းတော်မြို့နယ်ပြ မြေပုံ

အင်းတော်မြို့တွင်းတွင်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်တို့က ဒေသခံများကို ခေါ်ယူစစ်ဆေးလေ့ရှိသည်ဟု အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“နေ့လယ်ဆိုရင်တော့ မစစ်ဘူး၊ မနက်ဆိုရင်တော့ တစ်ခါတလေစစ်တယ်လို့ ပြောတာပဲ။ သူတို့စခန်းရှေ့က သွားရင်တော့ သူတို့မသင်္ကာရင်တော့ ခေါ်စစ်တာပဲ” ဟု ပြောသည်။

ဇန်နဝါရီ ၇ ရက်က အင်းတော်မြို့ပေါ်ရှိ မြို့နယ်ပညာရေးမှူးရုံးအနီးရှိ စစ်ဆေးရေးဂိတ်သို့ လာရောက်သော ရဲကားတစ်စီးကို အင်းတော်မြို့ပြပျောက်ကြားအဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့က အနီးဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

၂၀၂၂ ဒီဇင်ဘာ ၃ ရက်နေ့ကလည်း အင်းတော်မြို့ရဲစခန်းဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး နတ်မဟုတ်ကြီးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၁၄) နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကိုပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အမြောက်အမြား ပေါ်ထွက်လာပြီး စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအားအကောင်းဆုံး ဒေသတစ်ခုဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button