သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းတွင် စစ်တပ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဆက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းရွာအနီးတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ဂိတ်တစ်ခုကို ဇန်နဝါရီ ၅ ရက်တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်းရန် ကြိုးပမ်းရာမှ ဇန်နဝါရီ ၇ရက် အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ် (SNA)တို့မှ အင်အား ၆၀ နီးပါးပါဝင်သော စစ်ကြောင်းသည် နတ်နန်းရွာအနီးရှိ ဂိတ်ကို ဇန်နဝါရီ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ 

“သူတို့ က ခရီးသည် ပုံစံမျိုးနဲ့လာတာ ကားနဲ့။ နတ်နန်းမှာ ရှေ့ဂိတ်မှာ စစ်တော့ သူတို့က ခရီးသည်ပုံစံမျိုးနဲ့လာပြီးတော့ ဝိုင်းဖမ်း၊ ဝိုင်းဖမ်းဆိုပြီးတော့ အော်ပြီးတော့ သူတို့ဘက်က စပစ်တာ။ ကျွန်တော်တို့ဘက်က ဂိတ်စောင့်နေတဲ့အဖွဲ့ကလည်း ရှေ့ကနေပြီးတော့ သူတို့ကို ပြန်ပစ်တာ။ ပြန်ပစ်တော့ ဟိုဘက်ဒီဘက်အခြေအတင်ပစ်တော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တာ” ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် ဟုမ္ပလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF မိုးကြိုးအဖွဲ့ တာဝန်ခံက ပြောသည်။

စစ်တပ်၏ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းကြောင့် ဒေသခံကာကွယ်ရေး တပ်ပေါင်းစုဘက်မှ နောက်ဆုတ်ခဲ့ရပြီးနောက် အနီးအနားတွင် စစ်တပ်က နေရာယူ ပစ်ခတ်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အလစ်ငိုက်တိုက်ခိုက်မှုကြောင့် ကား ၁ စီး၊ ကျည်ဘောက်အချို့နှင့် လက်ကိုင်ဖုန်းအချို့ ဆုံးရှုံးခဲ့ရပြီး ဒေသကာကွယ်ရေးတပ်ပေါင်းစုများဘက်မှ ၁ ဦး လက်နှင့် ပေါင်တို့တွင် ရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှသိရသည်။ 

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်တပ်နှင့် SNA ပူးပေါင်းအဖွဲ့ဘက်မှ ၈ ယောက်သေဆုံးကြောင်း မြေပြင်အချက်အလက်ကိုကိုးကားပြီး ပြောသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားကာကွယ်ရေးတပ်တို့မှ အင်အားအလုံးအရင်းထပ်မံဖြည့်တင်းရန် ကြိုးပမ်းနေကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် HPDF 124 အဖွဲ့ တာဝန်ခံက‌ ပြောသည်။ 

နောင်ပိုအောင် -ဖောင်းပြင်လမ်းကြောပေါ်တွင်ရှိသည့် နတ်နန်းကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့်အတွက် ထိုနေရာတဝိုက် နယ်မြေပြန်လည် စိုးမိုးနိုင်ရန် စစ်တပ်နှင့် SNAတို့က အပြင်းအထန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း HPDF 124 တာဝန်ခံ ကိုချာလီ ကပြောသည်။ 

“ကျွန်တော်တို့သိမ်းထားတဲ့စခန်းကုန်းကို ပြန်လိုချင်လို့ သူတို့ကအသည်းအသန် စစ်ကြောင်း ထိုးနေတာ”ဟု ကိုချာလီက ပြောသည်။ 

စစ်တပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များကြား စစ်ရေးတင်းမာပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်နေသည့်အတွက် နောင်ပိုအောင်-ဖောင်းပြင်လမ်းကို ယခုရက်ပိုင်းအတွင်း ပြည်သူများ အသုံးမပြုရန် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် HPDF မိုးကြိုးက မေတ္တာရပ်ခံထားသည်။ 

နတ်နန်းရွာအနီးဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထံ ဆက်သွယ်ရန်ကြိုးပမ်းသော်လည်း မရရှိခဲ့ပါ။

ရှမ်းနီအမျိုးသားများတပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ရှမ်းနီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက် နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မြစ်ကြီးနားတို့တွင် အဓိကလှုပ်ရှားသည်။ 

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာ ပြီးခဲ့သည့်နှစ်ဆန်းပိုင်းမှစတင်ကာ ရှမ်းနီအမျိုးသားများ တပ်မတော်သည် စစ်ကောင်စီတပ်နှင့် စစ်ရေးအရ ပူးပေါင်းလှုပ်ရှားမှုနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

စစ်တပ်နှင့် ပူးတွဲတိုက်ခိုက်ခြင်းမရှိဘဲ နယ်မြေကျော်လာသည့်အတွက် သီးခြားတိုက်ခိုက်ရခြင်းသာ ဖြစ်ကြောင်း SNA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက နိုဝင်ဘာလအတွင်းက ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button