အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်နယ်ပညာရေးကို Facebook တွင် ဝေဖန်သည့် လွှတ်တော်ကိုယ်စားလှယ်ကို ရခိုင်ပညာရေးဌာနက ၆၆(ဃ) ဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ်ပညာရေးနှင့်ပတ်သက်ပြီး Facebook စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားခဲ့သည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကို ရခိုင်ပြည်နယ်ပညာရေးဌာနက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လိုက်သည်။

ရခိုင်ပြည်နယ်လွှတ်တော် ရမ်းဗြဲမဲဆန္ဒနယ် အမှတ်(၂) မှကိုယ်စားလှယ် ဦးသန်းမောင်ဦးက သူသည် Facebook တွင် ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းကို မှားယွင်းစွာ ရေးသားခဲ့သောကြောင့် ပြည်နယ်ပညာရေးဌာန၏ အမှုဖွင့်ခြင်းကို ခံရခြင်းဖြစ်ကြောင်း Myanmar Now  ကို ပြောသည်။

“ဆယ်တန်းအောင်ချက် ရာခိုင်နှုန်းတွက်ချက်မှု မှားမှုနဲ့ တိုင်တာ။ သူတို့အစိုးရကို အသရေဖျက်တယ်ဆိုပြီး တိုင်တာ။ ရခိုင်အစိုးရကတော့ မလုပ်သင့်တာကို လုပ်တယ်။ သူတို့ ဒီမိုကရေစီအစိုးရပဲလေ။ ပြည်သူ ဝေဖန်တာတွေ သူတို့ လက်ခံရမယ်။လက်ရှိအခြေအနေကိုပဲ တင်ပြထားတာ။ ဘယ်သူ့ကိုမှ နစ်နာဖို့ မရည်ရွယ်ဘူး” ဟု ရခိုင်အမျိုးသားပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောသည်။

ဦးသန်းမောင်ဦးကို ပြည်နယ်ပညာရေးဌာနမှ ဒုတိယပညာရေးမှူး ဦးစိန်လှထွန်းက စစ်တွေမြို့မ ရဲစခန်းတွင် ဇွန်လ ၃ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါနေ့တွင် ရမ်းဗြဲမြို့ရှိ သူ၏နေအိမ်ကို ရဲများက လာရောက်စုံစမ်းမှုများ ပြုလုပ်ခဲ့သည်ဟု ပြည်နယ်လွှတ်တော်တက်ရန် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ဦးသန်းမောင်ဦးက ပြောသည်။

ဦးသန်းမောင်ဦးသည် ဇွန်လ ၂ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “တိုင်းနှင့်ပြည်နယ်ထဲမှာ ရခိုင်ပြည်နယ်သည် ပညာရေးအနိမ့်ဆုံး၊ စီးပွားရေးအနိမ့်ဆုံး၊ ကျန်းမာရေး အနိမ့်ဆုံး“ စသည့် ရေးသားချက်များနှင့်အတူ ရခိုင်ပြည်နယ်၏ ၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာနှုန်းကို ၁၆ ဒသမ ၃၆ ရာခိုင်နှုန်းဟု မှားယွင်း ရေးသားခဲ့သောကြောင့် ပြည်နယ်ပညာရေးဌာနက အမှုဖွင့်ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် သူသည် အဆိုပါရေးသားမှုတွင် အောင်ချက်ရာခိုင်နှုန်းကို  “၂၁ ဒသမ ၄၅ ရာခိုင်နှုန်း “ဟု ပြန်လည် ပြင်ဆင်ရေးသားခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး တရားလို ဦးစိန်လှထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့ပြီး အထက်အရာရှိများကိုသာ မေးမြန်းရန် ပြောသည်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်ထံ Myanmar Now က ထပ်မံဆက်သွယ်ရာတွင် “အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောလိုဘူး”ဟု သာ တုံ့ပြန်ခဲ့သည်။

ဦးသန်းမောင်ဦးအား အမှုဖွင့်လှစ်ရန်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံတွင် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် လက်မှတ်ရေးထိုးပြီး ခွင့်ပြုချက် တောင်းခံထားသည်။

“အခု လွှတ်တော်အစည်းအဝေး ကျင်းပနေဆဲကာလ ဖြစ်တယ်။ ကျနော်တို့က ခွင့်ပြုချက် မပေးရသေးဘူး။ ခွင့်ပြုချက်ကတော့ တောင်းရင်ပေးရမယ်”ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

မေလ ၂ ရက်နေ့အထိ ဆက်သွယ်ရေးဥပဒေဖြင့် တရားရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း ၁၂၅ ခုအထိ ရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ အသံအဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button