သတင်း

မြဝတီ-မဲဆောက် အမှတ် ၁ တံတား ပြန်ဖွင့်၊ အကန့်အသတ်ဖြင့် သွားလာခွင့်ပြု

ကိုဗစ်ကပ်ဘေးကြောင့် သုံးနှစ်နီးပါး ပိတ်ထားသည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၁) တံတားကို ယနေ့ (ဇန်နဝါရီ ၁၂) တွင် ပြန်လည်ဖွင့်လှစ်လိုက်ရာ မြန်မာဘက်ခြမ်းမှ ယာဉ်ငယ်များနှင့် ခရီးသွားများကို အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့် ပြုနေသည်။

ခရီးသွားများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တစ်ရက်နေထိုင်ခွင့်နှင့် တစ်ပတ်နေထိုင်ခွင့် နှစ်မျိုးရရှိမည်ဖြစ်သော်လည်း မော်တော်ယာဉ်များမှာမူ နေ့ချင်းပြန်ရမည် ဖြစ်သည်။

တစ်ပတ်နေထိုင်ခွင့်စာအုပ်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့ အိမ်ထောင်စုစာရင်းရှိသူများကိုသာ ယင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးသည်၊ စာအုပ်ရရှိရန် ၂ ရက်ခန့် ကြာမည်ဟု သိရသည်။

မြဝတီမြို့ခံမဟုတ်သူများမှာမူ တစ်ရက်နေထိုင်နိုင်သည့် တရားဝင်ဖြတ်သန်းခွင့် (Border Pass) ကို ထုတ်ပေးမည်ဖြစ်သည်။

အမှတ် (၁) တံတားပေါ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးကြောင်း ယနေ့နံနက်ပိုင်း တံတားကို ဖြတ်သန်း ဝင်ရောက်လာသူများက ဆိုကြသည်။

အမှတ် (၁) တံတားမပိတ်မီ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံ မည်သည့်ဒေသမှမဆို နိုင်ငံသားစိစစ်ရေးကတ် ပြနိုင်ပါက မဲဆောက်မြို့အတွင်း ၇ ရက် နေထိုင်ခွင့်ရရှိခဲ့သလို မော်တော်ယာဉ်ဆိုလျှင်လည်း ကုန်စည်သယ်ဆောင်လာသော ခြောက်ဘီးယာဉ်ကြီးများလည်း ဖြတ်သန်းသွားလာခွင့်ရခဲ့သည်။

တံတား အမှတ် (၁) မှ စီးဆင်းခဲ့သည့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ တံတားမပိတ်မီ ၂၀၁၉ ခုနှစ်အထိ တစ်လလျှင် ထိုင်းဘတ်ငွေ သန်းပေါင်း ၁ သိန်းအထိ ရှိခဲ့သည်။

အမှတ် (၁) တံတားပိတ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၀ တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့သည့် ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ် (၂) တံတားပေါ်မှ ကုန်စည်စီးဆင်းမှုများ ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။ ယင်း အမှတ် (၂) တံတားမှ ရရှိသည့် ကုန်သွယ်မှုပမာဏမှာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ တစ်လလျှင် ထိုင်းဘတ်ငွေ သိန်း ၅ ထောင်ဝန်းကျင်ရှိခဲ့သည်။

ယခု ပြန်လည် ဖွင့်လှစ်လိုက်သည့် နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို နေ့စဉ် နံနက် ထိုင်းစံတော်ချိန် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တံတားတွင် တာဝန်ကျသည့် ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

(ထိုင်းနိုင်ငံသို့ ဖြတ်သန်းသွားလာခွင့် စာအုပ်)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့်ကြားမှ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် တံတားကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်ရန် ပြင်ဆင်နေချိန် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း၊ ဆိတ်ဖူးတောင်ကြားအနီး အာရှလမ်းမကြီးတွင် တံတားမဖွင့်မီတစ်ရက်အလို (ယမန်နေ့ ဇန်နဝါရီ ၁၁) ၌ မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လမ်းပျက်စီးခဲ့သည်။

ထိုင်း၊ မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတွင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ နယ်စပ်မြို့များအနက် မဲဆောက်မြို့မှ ရရှိသည့် ကုန်သွယ်မှုပမာဏမှာ စုစုပေါင်းကုန်သွယ်မှုပမာဏ အားလုံး၏ ၇၀ ရာခိုင်နှုန်းဖြတ်သန်းရာနေရာဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားသည့်အချက်အလက်များအရ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ကုန်တင်သွင်းသည့် ပမာဏသည့် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၄,၀၀၀ ကျော် ရှိခဲ့သည်။ ပို့ကုန်များအနက် လောင်စာဆီနှင့် စားသုံးဆီမှ ရရှိသောပမာဏမှာ ဒေါ်လာ သန်း ၅၀၀ ဖြစ်ပြီး လျှပ်စစ်ပစ္စည်းများနှင့် အီလက်ထရောနစ်ပစ္စည်းများမှ ဒေါ်လာ ၃၆၆ သန်းကျော် ရရှိခဲ့သည်။

အာဏာမသိမ်းမီက ထိုင်းဘက်ခြမ်းမှ ကုန်ပစ္စည်းတင်သွင်းသည့် ကုန်ကားများမှာ တစ်ရက်လျှင် အစီးရေ ၄၀၀ နှင့်အထက်ရှိခဲ့သည်။ သို့သော် စစ်တပ်အာဏာသိမ်းယူပြီး တစ်နှစ်ကျော်အကြာတွင် ၉၀ ဝန်းကျင်သာ ရှိခဲ့ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။ စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ထိုင်း-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၁ – ၂၀၂၂ ခုနှစ် တွင် ဒေါ်လာသန်းပေါင်း ၃,၄၆၇,၈၀၁ ရှိသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ် ငွေလဲနှုန်းမှာ ထိုင်းငွေ ၁ ဘတ်လျှင် ၄၆ ကျပ်သာရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာပြီး မြန်မာကျပ်ငွေတန်ဖိုးများ ဆက်တိုက်ကျဆင်းခဲ့ရသည်။ ယခုလ ၁ ဘတ်လျှင် မြန်မာငွေ ၈၃ ကျပ်အထိ ကျဆင်းလာပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ဝန်းကျင်က မြန်မာငွေ ၁ သိန်းကျပ်ပေးလျှင် ထိုင်းဘတ်ငွေ ၂,၀၀၀ ကျော်ရရှိခဲ့သော်လည်း ယနေ့တွင် ထိုင်းဘတ်ငွေ ၁,၂၀၄ ဘတ်သာ ရရှိတော့မည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button