အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတိုင်း မြို့သာမြို့တွင် စစ်တပ်ယာဉ် မိုင်းထိ၊ ၆ ဦးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၁၀) မွန်းလွဲပိုင်းက စစ်တပ်ယာဉ်တန်းကို ဒေသခံကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

စစ်သား ၆၀ ခန့်ပါ ကား ၅ စီး ရှိပြီး ၂ စီးက စက်မှုဇုန်အနီး အတွဲလိုက် ထောင်ထားသောမိုင်းများကြားထဲသို့ ဝင်လာစဉ် မိုင်းထိသွားသည်ဟု ဒေသခံ နဂါးနီပြောက်ကျားတပ်ဖွဲ့မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“မိုင်းကွင်းထဲ ကား၂ စီးဝင်လာတာ၊ ဖောကား ၁ စီး၊ ခွေးဘီလူး ၁ စီး။ အဲဒါကို ပဒေသာမိုင်း ၁၅ လုံးနဲ့ ၂ ဆင့်မိုင်း တိုက်ခိုက်တယ်။ ဒီနေ့မနက်အထိ စုံစမ်းသိရသမျှက ၆ ယောက်သေတယ်။ ၁၀ ဦးလောက် ပြင်းထန်ဒဏ်ရာရတယ်” ဟု ထိုအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

“အဲဒီနားမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ထားပြီး မြို့သာဘက်က နာရေးကူညီမှုကား ၃ စီးကို လှမ်းအကူညီတောင်းတယ်။ သေဆုံးတဲ့သူတွေကော ဒဏ်ရာရတဲ့သူတွေရော မြို့သာဘက်ကို ပြန်သယ်သွားတယ်”

မြို့သာ၊ နဘူးတော(မြောက်) ကျေးရွာစာသင်ကျောင်း စုံညီပွဲတော်၌ လုံခြုံရေးယူပေးပြီး အပြန်တွင် မိုင်းထိသွားစဉ် စစ်သားများက အနီးဝန်းကျင်ကို ပစ်ခတ်ကြသေးသည်ဟု သူက ဆက်ပြောသည်။

စစ်သားများက ပေါက်ကွဲသည့်နေရာအနီး အမျိုးသား၂ ဦးကို ဖမ်းလိုက်ကြသည်၊ ထိခိုက်ခြင်းမရှိသော ကားများမှာ မြင်းခြံမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားသည်ဟု သိရသည်။

ပေါက်ကွဲမှု၊ ဖမ်းဆီးမှုတို့နှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးသလို ထိုဖြစ်ရပ်အကြောင်းကို စစ်ကောင်စီကလည်း အမှောင်ချထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် စစ်ကောင်စီတပ် အလွယ်တကူ တပ်ဖြန့်နိုင်သည်။ စခန်းချရန် တောတောင်ကင်းမဲ့သည့် ထိုဒေသတွင် လက်နက်အင်အား အကန့်အသတ်ရှိသော PDF များက ပြောက်ကျားနည်းဖြင့် ခုခံတိုက်ခိုက်နေသည်။

နဂါးနီပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်ခဲ့သည့် ရုပ်သံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button