
မွန်ပြည်နယ်၊ ပေါင်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ၂၄ နာရီအတွင်း စစ်ကောင်စီစခန်း နှစ်ခု တိုက်ခိုက်ခံရပြီး ရထားတစ်စီး မိုင်းခွဲခံရကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။
ယနေ့ (ဇန်နဝါရီ ၁၁) နံနက်အစောပိုင်းမှာပင် ရေးမြို့နယ် နှစ်ကရင်ကျေးရွာရှိ ရဲစခန်းနှင့် ကြိုးတံတားကျေးရွာရှိ စစ်တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ပြောသည်။
“နှစ်ကရင်ရဲစခန်းကတော့ မနက် ၁ နာရီအချိန်မှာ ဝင်စီးခဲ့တယ်။ ရဲဘက်ကလည်း သတင်းရတဲ့အတွက် တိမ်းရှောင် ထွက်ပြေးနိုင်ခဲ့တယ်။ အဲဒါကြောင့် ပစ်ခတ်မှု မရှိခဲ့ဘဲ စာရွက်စာတမ်းတွေနဲ့ စခန်းနေရာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်ဆုတ်ခဲ့တယ်” ဟု သူက ဆိုသည်။
ထို့နောက် နံနက် ၆ နာရီခွဲတွင် နှစ်ကရင်ကျေးရွာမှ ၈ မိုင်ခန့်အကွာ ကြိုးတံတားရွာထိပ်ရှိ စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်ရာ ထိုစခန်းတွင် ရှိနေသူ ၅ ဦး ခန့် သေဆုံးကြောင်း၊ တိုက်ပွဲအတွင်း ရေးမြို့နယ်အခြေစိုက် အမှတ် ၅၈၈ တပ်ရင်းက လက်နက်ကြီး ပစ်ကူသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သူက ဆက်ပြောသည်။
ထိုအဖွဲ့က ဇန်နဝါရီ ၉ ရက်က ရေးမြို့နယ် လမိုင်းမြို့တွင် သတင်းရဲတပ်ဖွဲ့ ရဲအုပ်ညီညီဝင်းကို ပစ်သတ်ခဲ့သည်။

ရေးဒေသတွင် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ၊ မွန်ဒေသတော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသော Mon State Revolutionary Union (MSRU/ MSRO)၊ ရေးဘီလူးအဖွဲ့ အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့များ အခြေစိုက်လှုပ်ရှားသည်။
မွန်ပြည်နယ်၌ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများအတွင်း ကျရောက်နေသည့် ဒေသအချို့တွင် KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များလှုပ်ရှားနေသကဲ့သို့ အခြားမြို့နယ်များတွင်လည်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ရေးဘီလူးနှင့် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တို့ လှုပ်ရှားလျက်ရှိသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၀) ညနေ ၆ နာရီကျော်တွင် ရန်ကုန်မှ မော်လမြိုင်ဘက် လာသည့် ကုန်တင်ရထားတစ်စီး ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာအနီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ရွာခံအမျိုးသားတစ်ဦးထံမှ သိရသည်။
“သံလမ်းလေး ပြတ်သွားတယ်၊ လူတော့ မထိဘူး။ လမ်းခင်းကျောက်တွေတင်တဲ့ ကုန်ရထားအလွတ်တွေပေါ့” ဟု သူက ဆိုသည်။
ယနေ့နံနက်တွင်မူ လမ်းပြင်ဆင်လိုက်ပြီး ရထားများ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။
ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်ကြောင်း မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုကဲ့သို့ ရထားမိုင်းခွဲတိုက်ခိုက်ခံရမှု ဒီဇင်ဘာ ၁၃ က သထုံမြို့နယ် မိုးကောင်းနှင့် တံတားဦးကျေးရွာကြား ဖြစ်ပွားခဲ့ပြီး ကုန်တင်ရထား မိုင်းခွဲခံရကာ ညရထားခရီးစဉ်များ ရပ်ဆိုင်းခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)