
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မြောက်ပိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ထန်းကုန်းရွာတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ သက်ကြီးရွယ်အို နှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရသည်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ထီးချိုင့်မြို့နယ်အတွင်း မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီက ဇန်နဝါရီ ၇ မှစကာ အင်အား ၅၀ ခန့်ဖြင့် သုံးရက်ဆက်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် စီးနင်းနေကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။
ဇန်နဝါရီ ၇ တွင် ဆားတွင်းရွာအနီး တိုက်ပွဲဖြစ်ပွားချိန်တွင် အနောက်ဘက် တစ်မိုင်ခန့်အကွာ ထန်းကုန်းရွာအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ ၆၃နှစ်အရွယ် ဒေါ်ကြည်ပျို ပွဲချင်းပြီးသေဆုံးသည်ဟု ၎င်းတို့က ပြောသည်။
ဇန်နဝါရီ ၉ တွင် အလယ်တောနှင့် ထန်းကုန်းရွာကြား တိုက်ပွဲဖြစ်စဉ် ထန်းကုန်းရွာ ဘုန်းကြီးကျောင်းဝင်းသို့ လက်နက်ကြီး ကျပြန်၍ ထိုနေရာတွင် ခိုလှုံနေသည့် ပြည်သူများထဲမှ ၇၃ နှစ်အရွယ် ဦးကျော်ခင် သေသည်ဟု ဆိုသည်။
“ဘုန်းကြီးကျောင်းထဲ ပြည်သူတွေက ဝင်ပုန်းနေတာ။ အဲဒါ သူတို့ဘက်က လှမ်းပစ်တော့ လက်နက်ကြီးက ဘုန်းကြီးကျောင်းဝင်းထဲ ကျပြီး ပြည်သူတွေ အစုလိုက်အပြုံလိုက် သွားထိတာ” ဟု စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောသည်။
ထိုဖြစ်စဉ်နှစ်ခုအတွင်း ထန်းကုန်းရွာ၌ သေဆုံးသူ နှစ်ဦးအပြင် ဒဏ်ရာရသူ ၁၅ ဦးခန့်ရှိပြီး အချို့မှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။ ထိုသူတို့၏ ဒဏ်ရာအခြေအနေနှင့် ထန်းကုန်းရွာကို မည်သည့်အတွက် စစ်တပ်က ပစ်ခတ်ရသည်တို့ကိုမူ အသေးစိတ်အတည်မပြုနိုင်သေးပေ။
စစ်ရေးတင်းမာနေသည့် ထီးချိုင့်မြို့နယ်အတွင်း စစ်တပ်က ထိုသို့ စီးနင်းနေသည့်အပြင် မီးလောင်ပြီးသားရွာအချို့ကို မီးထပ်ရှို့နေသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။
၂၀၂၂ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၁၀၀ နီးပါး ပြာကျခဲ့ရသည့် အလယ်တောရွာနှင့် ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ရသည့် သခွတ်ချောင်ရွာတို့ကို ယမန်နေ့(ဇန်နဝါရီ ၉) က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ နံနက်ပိုင်းက အလယ်တောရွာကို မီးရှို့မှုကြောင့် အိမ်ခြေအများအပြား မီးလောင်ခဲ့ပြီး စစ်ကြောင်းရန်ကြောင့် ဒေသခံများ ရွာအနီး မကပ်ရဲသေးသည့်အတွက် ပျက်စီးဆုံးရှုံးသည့် အိမ်အရေအတွက်အတိအကျကို မသိနိုင်သေးကြောင်း ဒေသခံများက ဆိုသည်။
လက်နက်ကြီးပစ်ခတ်၊ ရွာမီးရှို့၍ ထီးချိုင့်မြို့သို့ ပြန်ဝင်လာသည့် စစ်ကြောင်းမှာ မြို့အနီး သခွတ်ချောင်ရွာကိုလည်း ယနေ့ (ဇန်နဝါရီ ၁၀) ညနေ ၄ နာရီ ဝန်းကျင်တွင် တတိယအကြိမ် ထပ်မံမီးရှို့ခဲ့ကြောင်း သိရသည်။
ယခင်နှစ်ကြိမ် မီးရှို့ခံရမှုကြောင့် သခွတ်ချောင်ရွာမှာ ရွာလုံးကျွတ်နီးပါး ပြာကျပြီးဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။
“သခွတ်ချောင်က တစ်ရွာလုံး ပြာကျသွားလို့ တဲလေးတွေ ထိုးနေတာ။ အဲဒီတဲလေးတွေကို မနေ့က လိုက်ပြီးတော့ ရှို့တယ်။ …မြေပြင်မှာကတော့ ကစဉ့်ကလျားဖြစ်နေတာ” ဟု သူက ပြောသည်။
“အလယ်တောက တစ်ခေါက်ရှို့ပြီးသား။ မနေ့က ထပ်ရှို့တာ။ ကျန်တဲ့အိမ်ကြီးအိမ်ကောင်းတွေကို ရှို့တာ”

ဒေသကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် ထီးချိုင့်မြို့နယ်ကို ၂၀၂၂ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက စစ်ကြောင်းသုံးခုဖြင့် နယ်မြေရှင်းလင်းရာ အလယ်တော၊ သခွတ်ချောင်အပါအဝင် ကျေးရွာပေါင်း ၁၈ ရွာမှ နေအိမ် ၆၀၀ ကျော် ပြာကျသွားသည်။
ကျေးရွာအများစု မီးဘေးသင့်ခဲ့ရသည့်နည်းတူ ထီးချိုင့်မြို့ မြောက်ဘက်ကျေးရွာများကို မကြာခဏ စစ်ကြောင်းဝင်နေသည့်အတွက် ဒေသခံအများစုမှာ ရွာမကပ်ရဲဘဲ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။
“ရွာတွေအကုန်နီးပါးက ရွာပျက်တွေလို ဖြစ်သွားပြီ။ တချို့ အိုးစောင့်အိမ်စောင့်နဲ့ အခင်းစောင့်လောက်ပဲ ကျန်တော့တာ။ ရွာတော်တော်များများက မီးရှို့ခံရတယ်။ ကျန်တဲ့ရွာတွေကလည်း စစ်ကြောင်းပြတ်တယ်လို့ မရှိတော့ အကုန် ရွာပျက်တွေလိုမျိုး ဖြစ်ကုန်တာ။ တော်တော်များများက အခင်းထဲမှာ တဲသွားထိုးနေတယ်။ အခင်းဘာညာ မရှိတဲ့သူတွေကတော့ လွတ်ရာကျွတ်ရာကို သွားနေရတာပေါ့” ဟု စစ်ရှောင်အရေးကူညီသူက ပြောသည်။
အာဏာသိမ်းစစ်တပ်ကို ခုခံမှုအားကောင်းရာဒေသဖြစ်သည့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မြေလှန်မီးရှို့မှုကြောင့် နှစ်နှစ်နီးပါးကာလအတွင်း နေအိမ်ထောင်နှင့်ချီ ပျက်စီးခဲ့ရသည်။
ရွာမီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က အစဉ်တစိုက်ငြင်းဆိုလေ့ရှိသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ လစဉ်ထုတ်ပြန်သည့် စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁.၅ သန်း ရှိသည်ဟု သိရသည်။
ထိုအထဲတွင် အာဏာသိမ်းပြီးနောက် ဖြစ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာရသူ ၁.၁ သန်း ပါဝင်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)