အတွေးအမြင်

နွေဦးတော်လှန်ရေးနှင့် ဒေသတွင်းနိုင်ငံရေးအခင်းအကျင်း

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ခါနီးလာသည်နှင့်အမျှ အိမ်နီးချင်းနိုင်ငံများ၏ ရပ်တည်မှုများသည် ပိုမိုရှုပ်ထွေးလာသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုကို စစ်တပ်က အင်အားသုံး အကြမ်းဖက် ဖြိုခွင်းစဉ်က ပြည်သူများအပေါ် အကြမ်းဖက်မှု ရပ်ဆိုင်းရန်၊ ဒီမိုကရေစီအစိုးရပြန်လည်ဖော်ဆောင်ရန် ထုတ်ဖော်ပြောခဲ့သော နိုင်ငံများပင်လျှင် သူတို့၏ ချဉ်းကပ်ပုံများကို ပြန်လည် သုံးသပ်လာနေသည်။ စစ်ကောင်စီနှင့် ဆက်ဆံရေးများ ပြန်လည်တည်ဆောက်လာနေသကဲ့သို့ တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အတိုက်အခံအင်အားစုများနှင့် ထိတွေ့ဆက်ဆံမှုများရှိလာသည်။ 

ဤအခင်းအကျင်းတွင် အိမ်နီးချင်းနိုင်ငံကြီးများအား ချိန်ထိုးကြည့်နိုင်ရန် မြန်မာနိုင်ငံအပေါ် ထားသည့် သူတို့၏ ရပ်တည်ချက်နှင့် အကျိုးစီးပွားချည်းကိုသာမက သူတို့၏ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံနှင့် ဒေသတွင်းနှင့် ပြိုင်ဆိုင်မှု၊ စိန်ခေါ်မှု၊ အဓိကဦးစားပေး စသည်တို့ကို အလွှာလိုက် စဉ်းစားရန် လိုအပ်သည်။

ဤဆောင်းပါသည် သုတေသနတွေ့ရှိချက်ဆောင်းပါးမဟုတ်ပါ။ အင်အားကြီးအိမ်နီးချင်းနိုင်ငံများ၏ ဒေသတွင်းအခင်းအကျင်းနှင့် ဆိုင်သည့် စာအုပ်၊ စာတမ်းနှင့် သတင်းဆောင်းပါးအချို့ကို အခြေခံပြီး သူတို့၏ နိုင်ငံတကာချဉ်းကပ်ပုံကို ကြည့်ရမည့် ရှုထောင့်ပေါ်အောင် အကျဉ်းချုပ်တင်ပြထားခြင်းဖြစ်သည်။

အသေးစိတ်ကြောင်းအရာများ ဆွေးနွေးတင်ပြခြင်းဆိုသည်ထက် ဥပမာများကို ထုတ်နုတ်ပြသခြင်းဟု ဆိုရမည် ထင်သည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ဗဟိုပြုတင်ဆက်ထားသော်လည်း တရုတ်၊ ရုရှ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ဒေသတွင်း အာဏာချိန်ခွင် ထိန်းညှိပုံကို အဓိက တင်ပြထားသည်။ 

အိန္ဒိယသည် ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်မူ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် သက်ဆိုင်သည့် UNSC (ကုလသမဂ္ဂလုံခြုံရေးကောင်စီ) ၏ ဆုံးဖြတ်ချက်အပေါ် တရုတ်နှင့် ရုရှနိုင်ငံများကဲ့သို့ပင် ကြားနေခဲ့သည်။

ထိုသုံးနိုင်ငံ၏ အချင်းချင်းဆက်ဆံရေးသည် မိတ်ဆွေလည်း မဟုတ်၊ ရန်သူလည်း မဟုတ်ဟု ဆိုနိုင်သလို ရန်သူတစ်ပိုင်း မိတ်ဆွေတစ်ပိုင်းဟုလည်း ဆို၍ရနိုင်သည်။ အချို့ကိစ္စများတွင် အကျိုးတူပူးပေါင်းလိုက်၊ အချို့ကိစ္စများတွင် ပြိုင်ဆိုင်လိုက်ဖြင့် ထိုသုံးနိုင်ငံ၏ ဆက်ဆံရေးမှာ ရှုပ်ထွေးလှသည်။ ထိုနည်းလည်းကောင်းပင် ကိစ္စတစ်ခုကို တစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုက်ပါက ကျန်နိုင်ငံနှင့် ဆက်ဆံရာတွင် အခက်အခဲဖြစ်သွားစေသည်။

တရုတ်၊ ရုရှ၊ အိန္ဒိယ ခေါင်းဆောင်များနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို အိန္ဒိယနိုင်ငံတွင် ၂၀၁၆ က ပြုလုပ်သည့် 8th BRICS Summit တွင် တွေ့ရစဉ်။ ဓာတ်ပုံ – EPA

အိန္ဒိယ နှင့် တရုတ်တို့၏ ဒေသတွင်းပြိုင်ဆိုင်မှု

အိန္ဒိယနှင့် တရုတ်သည် ဒေသတွင်း ပြိုင်ဘက်များဖြစ်သည်။ လူဦးရေသန်းထောင်ကျော်သည့် ဤနှစ်နိုင်ငံလုံးသည် စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်လာနေသည်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ဦးဆောင်နိုင်ငံဖြစ်ရေး ပြိုင်ဆိုင်လျက်ရှိရာ နေရာအတော်များများတွင် တရုတ်က ရှေ့ပြေးလျက်ရှိသည်။ တရုတ်၏ တောင်အာရှဒေသတွင်း သြဇာကြီးမားလာမှုသည် အိန္ဒိယအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။

ဥပမာ – တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) တွင် ပါကစ္စတန်နိုင်ငံနှင့် ချိတ်ဆက်သည့် China Pakistan Economic Cooridor (CPEC) ပါရှိသည်။ ပါကစ္စတန်တွင် တရုတ်က အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၀ ဘီလျံ ရင်းနှီးမြှပ်နှံထားဟု ခန့်မှန်းကြသည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့ အငြင်းပွားနေသည့် ကက်ရှ်မီးယားပြည်နယ်ကို ဖြတ်သွားသည့် ထို CPEC အပါ BRI စီမံကိန်းသည် တရုတ်သြဇာကြီးမားစေမည့် စီမံကိန်းဖြစ်သဖြင့် အိန္ဒိယက လက်တွန့်လျက်ရှိသည်။

သို့သော် အိန္ဒိယ၏ အိမ်နီးချင်းပြိုင်ဘက်ဖြစ်သည့် ပါကစ္စတန်က ကြိုဆိုထောက်ခံသည်။ ဤမျှမက ပါကစ္စတန်လူထုအမြင်တွင် တရုတ်သည် အိန္ဒိယထက်ပိုကောင်းသည့် နိုင်ငံရေးနှင့် စီးပွားရေးမိတ်ဖက်ဖြစ်ကြောင်း၊ BRI ကြောင့် အကျိုးအမြတ်ရှိမည်ဖြစ်ကြောင်း၊ အိန္ဒိယ၏ ကန့်လန့်တိုက်မှုသည် သူ့ကိုယ်ကျိုးရှေးရှုသည့် ဝါဒဖြန့်ခြင်းသက်သက်သာဖြစ်ပြီး ပါကစ္စတန်အတွက် အကျိုးမရှိကြောင်း ယူဆသည်။

ပါကစ္စတန်နှင့် တရုတ်တို့နီးစပ်မှုသည် အိန္ဒိယအတွက် စိုးရိမ်စရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နှင့် ပါကစ္စတန်တို့သည် နယ်မြေပြဿနာ၊ နယ်စပ်အငြင်းပွားမှု ပြဿနာများမှအစ နိုင်ငံရေး၊ သံတမန်ရေးကိစ္စများတွင် အိန္ဒိယနှင့် တကျက်ကျက်ဖြစ်နေရသည့် နိုင်ငံများဖြစ်သည်။ သူ့ပြိုင်ဘက်နှစ်နိုင်ငံအဆင်ပြေနေပါက သူ့အတွက် ပူပင်စရာဖြစ်သည်။

ပါကစ္စတန်သာမက ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ စသည့် အခြားတောင်အာရှနိုင်ငံများသည်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာပြီး တရုတ်၏ စီးပွားရေး၊ သံတမန်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု ထောက်ပံ့ရေးစက်ဝန်းအတွင်းသို့ ပိုမိုရောက်ရှိလာနေသည်။

ဥပမာ – တရုတ်သည် သီရိလင်္ကာနိုင်ငံအတွက် အကြီးဆုံး ငွေချေးပေးသည့်နိုင်ငံဖြစ်သည်။ ဘဂ်လားဒေရှ်တွင်လည်း ၃၀ ဘီလျံကျော် ရင်းနှီးမြှပ်နှံထားသည်။ ကုန်းကြောင်းရေကြောင်းပိတ်နေသော နီပေါနိုင်ငံအား တရုတ်က ကုန်းကြောင်းနှင့် အခြားလမ်းကြောင်းများ ပေးသုံးသည့်အတွက် နီပေါ၏ အိန္ဒိယအပေါ် မှီခိုနေရမှုကို လျော့သွားစေသည်။ နီပေါသည် တရုတ်အားကိုးဖြင့် အိန္ဒိယသြဇာကို ပြန်လည်ထိန်းညှိရန် ကြိုးစားသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်မှုများကြောင့် သူ့နေရာတွင် သူ့ဇာတ်နှင့် သူ့ဆရာလုပ်ချင်သည့် အိန္ဒိယသည် သူ့ခြံဟု မှတ်ယူထားသည့် တောင်အာရှဒေသ၌ပင် သူလုပ်ချင်တိုင်း လုပ်မရဖြစ်နေတော့သည်။

ကိုဗစ်နိုင်တင်းနှင့် ပတ်သက်၍လည်း ထိုနည်းလည်းကောင်းပင်။ အိန္ဒိယအနေဖြင့် ကာကွယ်ဆေးများကို အိမ်နီးချင်းနိုင်ငံများသို့ လှူဒါန်းသည်။ သို့သော် တရုတ်နိုင်ငံက အန္ဒိယထက် ပိုမိုလှူဒါန်းခဲ့ပြီး ကိုဗစ်ကာကွယ်ရေးအကြောင်းပြကာ ဒေသတွင်းနိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်ဆောင်ရွက်ရန် ကြိုးပမ်းလာသည်။

အိန္ဒိယတွင် ဒေသတွင်း အခြားဖွံ့ဖြိုးရေးအကူအညီများလည်း ရှိနေသေးသည်။ သို့သော် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု Dialogue များကို တရုတ်နိုင်ငံစိတ်ကြိုက် ဖွဲ့စည်း ဖန်တီးခြင်းတို့ကြောင့် တောင်အာရှတွင်း တရုတ်၏ သြဇာ ဖြန့်ကြက်လာမှုသည် အိန္ဒိယအတွက် သူ့နေရာတွင် သူ့အင်အားကို လာထိန်းချုပ် လာကန့်သတ်သလို ဖြစ်နေသည်။

အိန္ဒိယသည်လည်း တောင်အာရှတွင် တစ်ခုတည်းသော အင်အားကြီးနိုင်ငံမဟုတ်တော့ပေ။ (မှတ်ချက် – တောင်အာရှနိုင်ငံများသည် တရုတ်ကို လိုလားသည့် နိုင်ငံများဟု မဆိုလိုပါ။ တရုတ်ကို မနှစ်သက်သော၊ စိုးရိမ်သော နိုင်ငံရေးသဘောထားများရှိသည်။ သို့သော် ပူးပေါင်းဆောင်ရွက်မှုများစွာရှိနေပြီး အိန္ဒိယကို ထိန်းညှိရန် တရုတ်ကို အသုံးချသည်ဟု ဆိုလိုလိုခြင်းဖြစ်သည်။)

၂၀၂၂ ခုနှစ်တွင် ပြုလုပ်သည့် အိန္ဒိယစစ်တက္ကသိုလ်ကျောင်းဆင်းပွဲတစ်ခု။ ဓာတ်ပုံ – EPA

အိန္ဒိယ၏ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံ

တဖြည်းဖြည်း အင်အားကြီးမားလာနေသည့် အိန္ဒိယသည် ယခုအခါ UN လုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌနေရာရယူထားသည်။ ထိုကောင်စီတွင် ဗီတိုအာဏာရှိသည့် အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရေးအတွက်လည်း အိန္ဒိယသည် ကြိုးပမ်းလျက်ရှိသည်။ တစ်ချိန်တည်းတွင် ၂၀၂၂ ဒီဇင်ဘာလမှ စပြီး G20 (အင်အားကြီးနိုင်ငံ ၂၀ နိုင်ငံအဖွဲ့) ၏ ဥက္ကဋ္ဌလည်းဖြစ်လာသည်။ Euroasia ဟု အသိများသည့် ဥရောပနှင့် အာရှစပ်ကြားရှိ ရှစ်နိုင်ငံပါဝင်သော ရှန်ဟိုင်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဥက္ကဋ္ဌရာထူးကိုလည်း အိန္ဒိယက ရယူထားသည်။ ယေဘုယျအားဖြင့် ဆိုရလျှင် သူ့ရာထူးမှာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းကျောင်းပေးရန်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် သူသည် ဦးဆောင်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ဆိုသော အဆင့်အတန်းရရှိရန်၊ အသိအမှတ်ပြုခံရရရန်၊ ကြိုးစားရာတွင် သူ့ဒေသတွင် သူဆရာဖြစ်ကြောင်း၊ အိမ်နီးချင်းကောင်းဖြစ်ကြောင်း သက်သေပြရန် လိုအပ်သည်။ ထိုအချိန်တွင် တရုတ်၏ သြဇာချဲ့ကားမှုသည် သူ့အင်အားနှင့် အခြေအနေကို ချည့်နဲ့စရာ ဖြစ်စေသည်။ သို့ရှိရာ တောင်အာရှသို့ ဖြန့်လာသည့် တရုတ်သြဇာကို ထိန်းညှိရန် သူ့အရှေ့ဘက် အာရှနိုင်ငံများနှင့်ရော အနောက်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ကြိုးစားလျက်ရှိသည်။

အာရှနိုင်ငံများနှင့် ပတ်သက်လျှင် အာဆီယံနိုင်ငံများအပြင် အရှေ့အာရှနိုင်ငံများဖြစ်သည့် ဂျပန်၊ ထိုင်ဝမ်၊ ကိုးရီးယားတို့နှင့် ဒေသတွင်း ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် နည်းပညာများအပါအဝင် ဆက်ဆံရေး ကောင်းအောင် တည်ဆောက်လျက်ရှိသည်။ အရှေ့ရပ်ကို ရှေးရှုကြ Act East ပေါ်လစီဟု အသိများကြသည်။

ထိုပေါ်လစီအရ အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်များ (မီဇိုရမ်၊ နာဂလန်း၊ မဏိပူ၊ အာသံ) မှတစ်ဆင့် မြန်မာပြည်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်နှင့် ဆက်သွယ်သည့် အာရှလမ်းမကြီးလဲ ပါဝင်သည်။ ရခိုင်ပြည်နယ်ရှိ ကုလားတန်စီမံကိန်းသည်လည်း အိန္ဒိယအတွက် အရေးပါသော စီမံကိန်းဖြစ်သည်။ အိန္ဒိယ၏ Act East မူဝါဒနှင့် စီမံကိန်းများသည် တရုတ်၏ ကားလမ်း ရထားလမ်းစသည့် ဆက်သွယ်ရေးအခြေပြုစီမံကိန်းများကဲ့သို့ဖြစ်သည်။ ထိုစီမံကိန်းများအပေါ် ဂျပန်၏ စိုးရိမ်မှု မည်မျှရှိသည် မသေချာသော်လည်း တရုတ်စီမံကိန်းများလောက် မစိုးရိမ်ဘဲ အချို့ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျက်ပင်ရှိသည်။

အိန္ဒိယသည် အနောက်နိုင်ငံများနှင့် ပတ်သက်လျှင် နှစ်နိုင်ငံချင်းဆက်ဆံရေးရော စုပေါင်းပူးပေါင်းဆောင်ရွက်မှုများကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည်။ သံတမန်ရေး၊ စီးပွားရေး၊ အင်ဒို-ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယသမုဒ္ဒရာ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ရေး/လုံခြုံရေး (ဥပမာ QUAD ခေါ် အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊ အမေရိကတို့ ပါဝင်သည့် Quadrilateral Security Dialogue) တို့ဖြစ်သည်။

တရုတ်ကို ထိန်းညှိရန် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးလိုအပ်သော်လည်း အခက်အခဲမှာ ရုရှားဖြစ်သည်။ ကက်ရှ်မီးယားပြည်နယ်အရေးတွင် ရုရှားသည် အိန္ဒိယကို ကုလသမဂ္ဂတွင် နှစ်ပေါင်းများစွာ အကာအကွယ်ပေးလာသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင် အိန္ဒိယအား နိုင်ငံတကာဇာတ်ခုံတွင် ပါဝင်ခွင့်ပေးရန် ထောက်ခံသည့် နိုင်ငံမှာလည်း ရုရှားဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲမီ ဘက်မလိုက်နိုင်ငံရေးနှင့် ဆိုရှယ်လစ်အသွင် စီးပွားရေးစနစ်တွင် ရုရှား၏အကူအညီ ရယူထားဖူးသကဲ့သို့  ယခုလက်ရှိတွင်လည်း အိန္ဒိယစစ်တပ်ကို အဓိကလက်နက်ရောင်းသည့်နိုင်ငံမှာ (ပြင်သစ်အပြင်) ရုရှဖြစ်သည်။ အိန္ဒိယသည် အာကာသဂြိုဟ်တုနှင့် နျူကလိယားနည်းပညာကို ရုရှဆီမှ ရရှိပြီး၊ ထို့ပြင် ယမန်နှစ်ဆန်းကစတင်သည့် ယူကရိန်းအား ကျူးကျော်စစ်ပွဲစကတည်းက ရုရှားထံမှ ရေနံများ ဝယ်ယူလျက်ရှိသည်။ အိန္ဒိယနှင့် ပါကစ္စတန်ကြား အချင်းများရသည့် ကိစ္စတစ်ခုမှာ “အကြမ်းဖက်မှုကာကွယ်ရေး” ဖြစ်သည့်အားလျော်စွာ ရုရှားသည် သူ့အိမ်နီးချင်းဒေသ အရှေ့ဥရောပတွင် “အကြမ်းဖက်” လှုပ်ရှားမှုများကို တားဆီးလိုသည်။ ထို့ကြောင့် တာလီဘန်နှင့် ပါကစ္စတန် ကိစ္စတို့တွင် ရုရှားသည် အိန္ဒိယအတွက် မိတ်ဆွေနိုင်ငံဖြစ်နေသည်။

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သည်ဆိုသော်လည်း အိန္ဒိယသည် နိုင်ငံခြားရေးမူဝါဒကို လွတ်လပ်လိုသည်။ ထို့ကြောင့် နိုင်ငံတစ်ခုခု သို့မဟုတ် အုပ်စုတစ်ခုခုနောက်လိုက်ဖြစ်မသွားရေးအတွက် လွတ်လပ်သည့် မူဝါဒအခြေခံဖြင့် ချဉ်းကပ်လျက်ရှိသည်။ ယခင်က “ဘက်မလိုက်” မူဝါဒကျင့်သုံးရာမှ ယခုနောက်ပိုင်း “အားလုံးနှင့် အဆင်ပြေရေး” (အားလုံးနှင့် ပူးပေါင်းရေး) အခြေခံဖြင့် သတိကြီးစွာ ချဉ်းကပ်လာသည်။ အိန္ဒိယသည် နှစ်နိုင်ငံကြားဆက်ဆံရေးတွင် နီးစပ်နိုင်သမျှ နီးစပ်အောင် ထားပြီး နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် Multi-lateral အခင်းအကျင်းတွင် လွတ်လပ်နိုင်သမျှ လွတ်လပ်အောင် ရပ်တည်ကြောင်း အချို့ပညာရှင်များက ထောက်ပြသည်။ ထို့ကြောင့်ပင် ပါကစ္စတန်နှင့် ဆွေးနွေးညှိနှိုင်းရေးကိစ္စတွင် သူ့အား ထောက်ခံကာကွယ်ပေးလာသည့် ရုရှ၏ ကြားဝင်စေ့စပ်မှုကိုပင် တုံ့နှေးစွာဖြင့် လက်မခံလိုခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံတွင် ပြုလုပ်သည့် XI Summit of the main emerging economies of the BRICS အစည်းအဝေးတွင် တွေ့ရသည့် တရုတ်၊ ရုရှ၊ အိန္ဒိယ၊ ဘရာဇီးနှင့် တောင်အာဖရိက ခေါင်းဆောင်များ။ ဓာတ်ပုံ – EPA

ကမ္ဘာ့ဇာတ်ခုံနှင့် ဒေသတွင်းနောက်ထပ်အလွှာတလွှာ

တရုတ်ကို ထိန်းညှိရန် ရုရှနှင့်ရော အနောက်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်ရန် လိုသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် လုံးလုံးလျားလျား ရန်သူဖြစ်၍ မရပါ။ မိမိဒေသတွင်းကိစ္စများ၊ နယ်စပ်ရေးရာပြဿနာများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေး၊ လုံခြုံရေးစသည့် ကိစ္စများလည်း ရှိသေးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အဆင်ပြေရန်လည်း ကြိုးစားရသေးသည်။

အင်အားကြီးနိုင်ငံများ၏ အာဏာပြိုင်ဆိုင်ရေးကြောင့် ဒေသတွင်းဆက်ဆံရေးအပေါ် အနုတ်သဘောအကျိုးသက်ရောက်မှုကို တားဆီးလျှော့ချရန် လိုသဖြင့် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုများ၊ အနောက်နိုင်ငံများနှင့် – ရုရှားပြိုင်ဆိုင်မှုများနှင့် ယခု ယူကရိန်းစစ်ပွဲများတွင် ကြားမညှပ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ဘက်မျှ၍ ဆက်ဆံရသည်။ အထက်တွင် တင်ပြခဲ့သလို နိုင်ငံကြီးဖြစ်သည့်အားလျော်စွာ အိမ်နီးချင်းကောင်းဖြစ်သည်ဆိုသည့် ပုံရိပ်ကိုလည်း တည်ဆောက်ရသေးသည်။

ဆိုလိုသည်မှာ နိုင်ငံခြားဆက်ဆံရေးကိစ္စရပ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်ရှုပ်ထွေးနေသည်။ အလွှာလိုက် အကန့်လိုက် ရှိနေကြသည်။ ကိစ္စတစ်ခုအတွက် နိုင်ငံတစ်နိုင်ငံ၊ အုပ်စုတစ်စုနှင့် ဘက်တူရပ်ရန် လိုပြီး တချို့ကိစ္စတွင်တော့ အခြားနိုင်ငံများနှင့် ပို၍နီးစပ်ရန် လိုအပ်သည်။ ကိစ္စရပ်တစ်ခုကြောင့် မိတ်ဆွေဖြစ်နိုင်သော်လည်း အခြားကိစ္စတစ်ခုကြောင့် ထိုမိတ်ဆွေနှင့်ပင် ဆန့်ကျင်ဘက် အချင်းများရနိုင်သည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာစကားဝိုင်းတွင် တစ်မျိုးပြောပြီး လက်တွေ့တွင် အခြားတစ်မျိုးဖြစ်နေသည်လည်း ရှိသည်။

ဥပမာ – ကမ္ဘာ့ဇာတ်ခုံဦးဆောင်မှုအတွက် သူ့ပုံရိပ်အသိအမှတ်ပြုခံရရေး တည်ဆောက်ရာတွင် တရုတ်လိုမဟုတ်ကြောင်း အိန္ဒိယက သက်သေပြရသည်။ တရုတ်ကဲ့သို့ အာဏာရှင်မဟုတ်ဘဲ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်ကြောင်း (နိုင်ငံရေးသမားများအဆိုအရ ဒီမိုကရေစီ၏ မိခင်ဖြစ်ကြောင်း)၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးတန်ဖိုးကို လေးစားလိုက်နာကြောင်း သူ့ကိုယ်သူ မီးမောင်းထိုးပြလေ့ရှိသည်။ သို့ရာတွင် အိန္ဒိယသည် ဆူဒန်၊ အီရန်နှင့် မြန်မာကဲ့သို့သော နိုင်ငံများမှ အာဏာရှင်များနှင့် စီးပွားရေး၊ ကုန်သွယ်ရေး (ရေနံ) နှင့် ဒေသတွင်းဖွံ့ဖြိုးရေးအကြောင်းပြကာ ဆက်ဆံလေ့ရှိသည်။

အနှစ်ပြန်ချုပ်ရလျှင် အိန္ဒိယအပါအဝင် အိမ်နီးချင်းနှင့် အခြားနိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒများ၊ အာဏာရှင်များနှင့် ဆက်ဆံရေး အလေ့အထများသည် တစ်လမ်းကြောင်းတည်း တစ်သမတ်တည်း မဟုတ်ပါ။ နိုင်ငံတကာနှင့် ဒေသတွင်း အခင်းအကျင်းအပြောင်းအလဲမှာ သက်ဆိုင်ရာ နိုင်ငံတို့၏ အကျိုးစီးပွားပေါ် မူတည်ပြီး အမြဲရွေ့လျားနေသည်။

အကြောင်းအမျိုးမျိုး၊ အလွှာအမျိုးမျိုးတို့သည့် ရှုပ်ထွေးလှသော ပင့်ကူအိမ်သဖွယ်ဖြစ်နေသည်။ တစ်နိုင်ငံတည်း၏ မူဝါဒနှင့် အကောင်အထည်ဖော်မှုများသည် အချင်းချင်းဆန့်ကျင်ဘက်များလည်း ဖြစ်နေတတ်သည်။ ဤသို့ ရှုပ်ထွေးလှသည့် နိုင်ငံခြားဆက်ဆံရေးသည် အချိန်၊ နေရာဒေသ၊ နိုင်ငံအကျိုးစီးပွား၊ ခေါင်းဆောင်မှုနှင့် ခေါင်းဆောင်/ဗျူရိုကရက်တို့၏ အကျိုးစီးပွားစသည်တို့၏ အရွေ့ပေါ်တွင်လည်း မူတည်နေသည်။ သို့ရှိရာ မြန်မာနိုင်ငံအပေါ် ထားသည့် မူဝါဒနှင့် အကောင်အထည်ဖော်မှုများကို ပြောင်းလဲလိုပါက သူတို့၏ အကြောင်းကို ပိုမို အတွင်းကျကျ နားလည်သုံးသပ်ရန် လိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့်ကာလ ၂၀၂၃ တွင် ခုခံတော်လှန်စစ်ကို အရှိန်မြှင့်မည်ဟု NUG က ပြောထားသည်။ ဓာတ်ပုံ – NUG

အဓိကကိုးကားစာအုပ်များ

  • Ogden, Chris. Global India: The Pursuit of Influence and Status. Routledge, 2023. 
  • Schmidt, Johannes Dragsbak, & Chakrabarti, Shantanu. The Interface of Domestic and International Factors in India’s Foreign Policy. Routledge, 2021.
  • Sharma, G. Amarjit. State Vs. Society In Northeast India: History, Politics and the Everyday. Sage, 2021.

(ဒေါက်တာ စိုင်းလတ်သည် ကနေဒါနိုင်ငံ York University မှ နိုင်ငံတကာဖွံ့ဖြိုးရေးနှင့် အာရှလာလေ့လာရေးဘွဲ့များရရှိသူဖြစ်သည်။ မဲခေါင်ဒေသတွင် ဖွံ့ဖြိုးရေးနှင့် ပဋိပက္ခဆက်နွှယ်မှု သုတေသနအကြောင်းအရာဖြင့် Simon Fraser University မှ PhD ဘွဲ့ ရရှိထားသူဖြစ်သည်။ ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး Myanmar Now ၏ မူဝါဒသဘောထားများနှင့် သက်ဆိုင်ခြင်းမရှိပါ။)

Show More

Related Articles

Back to top button