သတင်း

ချင်းတွင်းမြစ်အတွင်း စစ်တပ်ရေယာဉ်ကို PDF စီးနင်း မီးရှို့

စစ်ကိုင်းတိုင်း၊  ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီ အမြန်ရေယာဉ် တစ်စီးကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက် မီးရှို့၍ ရိက္ခာများ သိမ်းဆည်းလိုက်သည်။ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မုဋ္ဌောရွာမှ မြောက်ဘက် သုံးမိုင်နီးပါးအကွာ ပန်းဆိုင်းရွာ သို့ မြစ်ကြောင်းအတိုင်းလာသည့်  ရေယာဉ်ကို   ယမန်နေ့ (ဇန်နဝါရီ ၃) ညနေ ၅နာရီဝန်းကျင်မှစ၍ တိုက်ခိုက်ကြသည်ဟု ဆိုသည်။

ရေယာဉ်ပေါ်မှ စက်လတ်အပါအဝင် လက်နက်ငယ်များဖြင့် ခုခံ သလို မုဋ္ဌော၊ ပန်းဆိုင်းနှင့် နှစ်မိုင်ကျော်အကွာ ညောင်ပင်ဝန်ရွာ မြစ်ကြောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားတို့က လက်နက်ကြီးများဖြင့် ပစ်ကူကြသည်ဟု တော်လှန်ရေးအဖွဲ့တို့က ပြော သည်။

ည ၈ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးပူး ပေါင်းအဖွဲ့က လက်ပစ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ရေယာဉ်ကို အနီးကပ် ပစ်ခတ်စီးနင်းနိုင်ခဲ့ ခြင်းဖြစ်သည်။“စက်လှေက စစ်ကြောင်းနှစ်ကြောင်း (မုဋ္ဌော၊ ညောင်ပင်ဝန်းရွာ) ကြားမှာဆိုတော့ ထားလို့မရ လို့ မီးရှို့ပစ်လိုက်တယ်ဗျ”ဟု ကျောက်လုံးကြီး တပ်မဟာ တာဝန်ရှိသူက ပြောသည်။ 

ရေယာဉ်ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားသူ ၁၀ ဦးခန့်ရှိနိုင်ကြောင်း တော်လှန်ရေးအဖွဲ့များက ခန့်မှန်းသည်။ ထိုဖြစ်စဉ်များနှင့် ပတ်သက် ၍ အသေးစိတ်ကို သီးခြား အတည်မပြုနိုင်သေးပေ။

ရေယာဉ်ပေါ်မှ ဆန်အိတ် ၈၂ အိတ်၊ ပဲ ၁၀ အိတ်၊ စားဆီ ၁ ပုံး၊ စစ်သုံး ကျောပိုးအိတ် ၃ လုံးနှင့် ကျည်ကာအကျီများ သိမ်းဆည်းရမိခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA)က ယနေ့ နံနက်ပိုင်းက ထုတ်ပြန်သည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ကနီနယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ၂၀၂၂ ဒီဇင်ဘာမှစ၍ ၇စီးပါ စစ်ကောင်စီ ရေယာဉ်အုပ်စု စစ်ကိုင်းတိုင်း မြို့တော် မုံရွာဆိပ်ကမ်းမှ တစ်ဆင့် ရောက်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များထံမှသိရသည်။ထိုရေယာဉ်အုပ်စုသည် မုဋ္ဌောရွာ၊ ညောင်ပင်ဝန်းရွာ အနီး ချင်းတွင်းမြစ်ကြောင်းတွင် နှစ်ဖွဲ့ခွဲ၍ တပ်စွဲထားသည်ဟု ဒေသတွင်း ခုခံရေးအဖွဲ့များက ပြောသည်။

စစ်ဘေးရှောင် သောင်းနှင့်ချီရှိသည့် ကနီမြို့တည်နေရာ

ဒေသတွင်း တိုက်ပွဲ မကြာခဏဖြစ်နေ၍ ချင်းတွင်းမြစ် ဝဲယာရှိ မုဋ္ဌော၊ ငါးဖျက်၊ ပန်းဆိုင်း၊ ညောင်ပင်ဝန်း၊ ချိုင်ရွာအပါအဝင် ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ထောင်နှင့်ချီ၍ ဘေးလွတ်ရာ တိမ်းရှောင်နေ ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

“အခုတစ်ခေါက်က ရက်ကလည်းရှည်လာတော့ ဒုက္ခရောက်တာပေါ့။ ရာသီဥတုကလည်း အေးလာတယ်။ စောင်တွေ၊ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကနီဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ 

မိုင်းဆွဲတိုက်ခိုက်မှု၊ ကြားဖြတ်ခြုံခိုတိုက်ခိုက်မှု တို့ကိုအပြင်းအထန် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်နှစ်လယ်ပိုင်းမှစတင်ကာ လက်နက်နှင့် ရိက္ခာပို့ဆောင်ရေးအတွက် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့ကို အားပြုလာရပြီးနောက် မြစ်ကြောင်းအတွင်း စိုးမိုးနိုင်ရေး ကြိုးပမ်းလာသည်ကို တွေ့ရသည်။

လက်ရှိလုံခြုံရေးအခြေအနေအရ မြစ်တွင်းစစ်ဆင်ရေးကို အထူးအလေးထားဆောင်ရွက်လာရသည်၊ မြစ်ကြီးများအတွင်း ရေကြောင်းလုံခြုံရေး၊ စစ်ဆင်ရေးများထိရောက်စွာ ဆောင်ရွက် နိုင်ရန် ရေတိမ်မြစ်တွင်းသွား စစ်ရေယာဉ်များ တည်ဆောက် သွားရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ဒီဇင်ဘာ၂၄ ရက် ရန်ကုန်တွင် ပြုလုပ်သည့် ရေတပ်နှစ်ပတ်လည်နေ့ တွင် ပြောထားသည်။

မြစ်ကြောင်းများတွင် သွားလာနေသည့် စစ်ကောင်စီရေယာဉ်အုပ်စုများကို ဒေသခံကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။

ယခုတစ်ကြိမ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် ရေယာဉ်ကို စီးနင်း မီးရှို့၊ ပစ္စည်းများ သိမ်းယူနိုင်ခြင်း ဖြစ်သည်ဟု ကျောက်လုံးကြီးတပ်မဟာမှ တာဝန်ရှိသူက ပြောသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button