သတင်း

ဖယ်ခုံ ရွာသား ၁၈ ဦး အကြမ်းဖက်ဥပဒေဖြင့် ထောင်သုံးနှစ်စီ ချခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေး (ကာသဲ) ကျေးရွာတွင် စစ်ကောင်စီတပ်က ယမန်နှစ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံများအနက် ၁၈ ဦးကို ထောင်သုံးနှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံးအကျဉ်းထောင်တွင် ရှိနေသည့် ထိုရွာသား ၁၈ ဦးကို ဒီဇင်ဘာ ၂၁ တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထောင်ချလိုက်ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖယ်ခုံဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယမန်နှစ် အောက်တိုဘာ ၂၇ တွင် ဖယ်ခုံ-ပင်လောင်း လမ်းမဘေးရှိ ရွှေပြည်အေးရွာအနီး ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီးနောက်တွင် စစ်ကောင်စီတပ်က ရွာခံ အမျိုးသားများကို ဖမ်းသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က ရွှေပြည်အေးရွာသားများကို ယမန်နှစ် အောက်တိုဘာ ၂၈ တွင် ၁၉ ဦး၊ နောက်တစ်နေ့တွင် ၁ ဦး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရသည့် ရွာသား ၂၀ ဦးအနက် အသက် ၆၇ နှစ်အရွယ် ဦးမောင်ယိုနှင့် ၄၉ နှစ်အရွယ် ဦးစိုးတင့် တို့မှာ တောင်ကြီးမြို့ အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ခံထားရစဉ် သေဆုံးခဲ့သည်။

“ရွှေပြည်အေးရွာသားတွေချည်းပဲ။ အမိန့်မချခင်ကတည်းက တောင်လေးလုံးမှာ ထားတယ်လို့ သိရတယ်။ ထောင်ဝင်စာတော့ ပို့လို့ရမယ်ထင်တယ်။ အကုန်လုံးက တောင်လေးလုံးထောင်မှာပဲ” ဟု အထက်ပါ ဖယ်ခုံဒေသခံက ဆိုသည်။

ထောင်၃နှစ်စီကျခံရမည့်သူများမှာ ဦးဇော်ဂျီဝင်း (၅၉ နှစ်)၊ ဦးစိန်ဝင်း (၅၈ နှစ်)၊ ဦးကြာတိ (၄၉ နှစ်)၊ ဦးစိုးဝင်း (၄၇ နှစ်)၊ ဦးခင်မောင် (၄၄ နှစ်)၊ ဦးမောင်အေး (၄၄ နှစ်)၊ ဦးကြည်လင် (၄၄ နှစ်)၊ ဦးကျော်ဝင်း (၄၃ နှစ်)၊ ဦးအေးမောင် (၄၂ နှစ်)၊ ဦးလှထွန်းဦး (၃၄ နှစ်)၊ ဦးနေမျိုး (၃၉ နှစ်)၊ ဦးအုန်းဖေ (၃၇ နှစ်)၊ ဦးစိုင်းစိုင်း (၃၆ နှစ်)၊ ဦးအောင်မျိုး (၃၂ နှစ်)၊ ကိုပန်းလှ (၂၄ နှစ်)၊ ကိုတင်ထွန်း (၂၃ နှစ်)၊ ကိုအုပ်ငယ် (၂၁ နှစ်) နှင့် အခြားအမျိုးသားတစ်ဦး တို့ ဖြစ်သည်။

ထိုသူတို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမဟုတ်သလို နိုင်ငံရေးတွင်လည်း ပါဝင်ပတ်သက်မှုမရှိသည့် သာမန်ရွာသားများသာဖြစ်သည်ဟု KNDF (ဖယ်ခုံဇုန်) တာဝန်ရှိသူနှင့် ဒေသခံအချို့က ယမန်နှစ် ဒီဇင်ဘာလတွင် ပြောထားသည်။ ထောင်ဒဏ်သတ်မှတ်ခံရသူတို့၏ မိသားစုဝင်များနှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။

ဖယ်ခုံမြို့မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ ရွှေပြည်အေးရွာသည် ၁၉၉၆ ခုနှစ်တွင် စစ်တပ်နှင့် ပေါင်းလိုက်သည့် ဘိန်းဘုရင်အဖြစ် ကမ္ဘာကျော်သူ ခွန်ဆာဦးဆောင်သည့် Mong Tai Army (MTA) တပ်ဖွဲ့ဝင်များအတွက် ထိုစဉ်က အာဏာသိမ်းစစ်အစိုးရက နေရာချထားပေးခဲ့သည့်ရွာ ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ခုခံမှုအားကောင်းသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကယား(ကရင်နီ) ပြည်နယ်တို့တွင် ပြည်သူ ၂၇၈ ဦး ဖမ်းဆီးခံရကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button