သတင်း

ရေဦးမြို့နယ်တိုက်ပွဲတွင် စစ်သားများ သေဆုံးပြီး လက်နက်တချို့  PDF ရ

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်းအလယ်ပိုင်း ရေဦးမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ၄ ဦး၊ စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာ ၁၄ မှ ၁၈ ရက်အထိ ရေဦးမြို့အနောက်ပိုင်းရှိ ရွာမိဿရွာနှင်ကွမ်းအုံရွာအနီး တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အကျဆုံးများသလို သေနတ် ၂ လက် သိမ်းယူနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် PDF တပ်ရင်း(၉) က ယမန်နေ့ညနေပိုင်း ဓာတ်ပုံ မှတ်တမ်းများနှင့် ထုတ်ပြန်သည်။

ရေဦးမြို့အနောက်ဘက် ၆ မိုင်ကျော်အကွာ ရွာမိဿရွာမှ ထွက်လာသည့် စစ်သား ၁၀၀ ခန့်နှင့် PDF  များ ဒီဇင်ဘာ ၁၄ တွင် တိုက်ပွဲ ဖြစ်ကြောင်း၊  PDF ရဲဘော်များ သေဆုံးမှုမှာ ထိုတိုက်ပွဲတွင် ဖြစ်ကြောင်း   ရွှေဘိုခရိုင် PDF တပ်ရင်း(၉) မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။ 

သေဆုံးသူတို့ မည်သူမည်ဝါဖြစ်သည်ကို  ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြောင်း သူက ဆိုသည်။

“အသေးစိတ်တော့ မပြောလိုဘူး၊ အပြန်အလှန်ပစ်ခတ်ရင်းနဲ့ပဲ ကျွန်တော်တို့ဘက်က ၄ ယောက် ပေးလိုက်ရတာပေါ့”ဟု ထိုသူက ပြောသည်။

နောက်တစ်နေ့ (ဒီဇင်ဘာ ၁၅)တွင် PDF များ အသင့်စောင့်နေသည့် နေရာသို့ စစ်တပ်ရောက်ရှိလာသဖြင့် တိုက်ပွဲ ထပ်ဖြစ်ခဲ့ကြောင်း သိရသည်။ 

ရှေ့သို့ ကျွံထွက်လာသည့် စစ်သားလေးဦးကို PDF က အနီးကပ် ပစ်ခတ်ခဲ့ကာ လက်နက်နှစ်လက်နှင့် လက်ပစ်ဗုံးတချို့ သိမ်းယူနိုင်ခဲ့သည်၊  တစ်နာရီနီးပါးကြာမြင့်သော ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် အထက်ပါ PDF တာဝန်ရှိသူက ဆိုသည်။

ရေဦးအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ-ရွှေဘိုခရိုင် PDF တပ်ရင်း ၁၁) ပုံအသေးဖြင့်သုံးရန်။

“ကျွံလာတဲ့(လေးယောက်ထဲက) နှစ်ယောက်ကို အနီးကပ်ထိတွေ့ပြီး ပါလာတဲ့လက်နက်တွေ ယူလာခဲ့တာပါ့။ ကျွန်တော်တို့ဒီဘက်ကနေ သူတို့ရုပ်အလောင်းတွေ မြင်နေရတယ်ဗျ။ ကျွံထွက်လာတဲ့ (ပစ်ခတ်ခံရတဲ့) ရုပ်အလောင်း ၄ လောင်းအပြင် မူးရိုးပေါ်မှာလဲကျနေတဲ့ Dead Body (ရုပ်အလောင်း) ၇ ခု၊ ၈ ခုလောက်ကို မြင်ရတယ်ဗျ”ဟု သူက ပြောသည်။

အဆိုပါနယ်မြေကို ရှင်းလင်းရေးပြုလုပ်ရာ လယ်ကွင်းအတွင်း ကောက်ရိုးပုံတွင် မီးရှို့ထားသည့် စစ်သား  ၃ လောင်း တွေ့ခဲ့ရကြောင်း၊ သိမ်းဆည်းရရှိသည့် လက်နက်များအရ မော်လိုက်အခြေစိုက် ခမရ ၃၆၄ တပ်မှ ဖြစ်နိုင်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည်တိုက်ပွဲဖြစ်ရာ အနီးမှကျေးရွာများသာမက ၎င်းတို့ ဖြတ်သန်းလာသည့် ကျေးရွာ ၁၁ ရွာကို မီးတင်ရှို့ခဲ့ကြောင်း ရေဦးမြို့နယ်အခြေစိုက် ရွှေဘိုခရိုင်တပ်ရင်း(၁၄)မှ တပ်ခွဲမှူး ကိုရာမက ပြောသည်။

“ရွာတွေ မနည်းဘူးဗျ၊ သူတို့ဝင်တဲ့ရွာတွေ အကုန်မီးရှို့တာပဲ။ အိမ်ခြေကတော့ တော်တော်များတယ်။ အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ ရွာမိဿာဆို ၂၀ လောက်ပဲ ကျန်တော့တာ..”

မီးလောင်သွားသော အိမ်ခြေအရေအတွက်ကို ဒေသတွင်းကာကွယ်ရေးအဖွဲ့များက စာရင်း ကောက်ယူနေဆဲ ဖြစ်သဖြင့်တိတိကျကျ မသိရှိရသေးပေ။ အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့်လ အတွင်းကဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၉ ရွာမှ နေအိမ်နှစ်ထောင်ကျော် ကို မီးတင်ရှို့ခဲ့သည့်စစ်သားများဖြစ်သည်။

ကောက်ရိိုးပုံအတွင်း မီးရှို့ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းတစ်ခုအား PDF  ဘက်မှ ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-Anyar Defense Force-ADF)

ရေဦးမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးလာချိန်တွင် တိုက်ပွဲများစွာ ဖြစ်ခဲ့ရာ ထိုအထဲတွင်   ရွှေဘိုခရိုင် PDF တပ်ရင်းများနှင့် ဖြစ်ခဲ့သည့် တိုက်ပွဲ ၅ ခုလည်း ပါဝင်ကြောင်းသိရသည်။

စက်တင်ဘာ ၁၈ တွင် ရွာမိဿရွာအရှေ့မြောက်ဘက် ၅မိုင်အကွာ ကွမ်းအုံရွာအနီးတွင် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ဦး ထက်မနည်း သေဆုံးကြောင်း PDF ဘက်က ပြောသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ဒေသတွင်းကျေးရွာအများအပြားကို မီးတင်ရှို့ခဲ့သည့် အဆိုပါစစ်ကြောင်းသည် ယမန်နေ့ (ဒီဇင်ဘာ၂၂) ရက်က ဒီပဲယင်းနယ်ဘက်သို့ကူးကာ ကျေးရွာမျာကို မီးထပ်ရှို့နေကြောင်းသိရသည်။

လူနေအိမ်များ၊ ရွာများကို မီးရှို့မှု ရပ်ဆိုင်းရန် နိုင်ငံတကာက တောင်းဆိုထားသည်၊ စစ်ကောင်စီကမူ မီးရှို့ဖျက်ဆီးမှုများမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု ပြန်လည် ပြောဆိုလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button