စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေး မုဋ္ဌောရွာအနီး ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ယနေ့ (ဒီဇင်ဘာ ၂၁) တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ စစ်ကောင်စီတပ်က လေတပ်ကိုပါ သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မုံရွာမှ ဆန်တက်လာသည့် မော်တော် ၈ စီးပါ စစ်ကောင်စီ ရေယာဉ်အုပ်စုကို ဒီဇင်ဘာ ၁၉ ရက်နေ့ကတည်းက အကာအကွယ်ပေးနေသည့် စစ်သည် အင်အား ၁၀၀ ဝန်းကျင် ပါဝင်သည့် စစ်ကြောင်းသည် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို ဝင်ရောက်စီးနင်းနေရာ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။
တိုက်ပွဲသည် နံနက် ၁၀ နာရီဝန်းကျင်တွင် မုဌောရွာအနီး အစပြုပြီးနောက် နံနက် ၁၁ နာရီဝန်းကျင်တွင် ရဟတ်ယာဉ် ရောက်လာပြီး အနီးဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။
“လေယာဉ်က မနက် ၁၁ နာရီ ခွဲလောက်က စပစ်တယ်။ နာရီဝက်ကျော်ကျော်လောက် ပတ်ပစ်သွားတယ်။ ၁၅ ပတ်၊ အပတ် ၂၀ လောက်ပတ်တယ်။ ကုန်းကြောင်းက တိုက်ပွဲမှာ (စစ်ကောင်စီတပ်) အထိနာတာ” ဟု ဒေသအခြေစိုက် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ကျောက်လုံးကြီး (KLG) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လေကြောင်းပစ်ခတ်မှုအပြီး မွန်းလွဲ ၁ နာရီကျော်အထိ တိုက်ပွဲ ဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။
ထိုစစ်ကောင်စီရေယာဉ်အုပ်စုမှာ ချင်းတွင်းမြစ်အထက်ပိုင်းရှိ စစ်ကောင်စီတပ်များထံ လက်နက်၊ စားနပ်ရိက္ခာများ တင်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ယူဆကြသည်။
“ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က ရွာလေးတွေက ဟိုဘက်ဒီဘက်မြင်နေရတာ။ အဲဒီရွာတွေကို (စစ်ကြောင်း) ထိုးသွားတာ။ စစ်အုပ်စု ရေယာဉ်ရောက်တာနဲ့ အချိန်ကိုက် ထိုးတာ” ဟု ယင်းမာပင်မြို့နယ် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ယနေ့တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း KLG မှ အထက်ပါတာဝန်ရှိသူကလည်း ပြောသည်။
နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အလားတူ ဒီဇင်ဘာ ၁၈ နေ့လယ်က မြစ်အနောက်ဘက်ကမ်း ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာကို စစ်တပ်က ရုတ်တရက် ဝင်ရောက်စီးနင်းရာ ဒေသခံများကို ကယ်ထုတ်ပေးနေသည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော နဂါးညီနောင်တပ်ဖွဲ့ (Dragon Brothers Task Force-DBTF) မှ တပ်ရင်းမှူး ရမ်ချိုနှင့် တပ်ခွဲမှူး ဂဠုန်ဆိုသူတို့ ဖမ်းဆီးခံရကာ နှိပ်စက်သတ်ဖြတ်ခံရသည်။
ခြေလျင်စစ်ကြောင်းကိုသာမက စစ်ကောင်စီရေယာဉ်အုပ်စုကိုလည်း တစ်ပြိုင်နက် တိုက်ခိုက်နေရသော ဒေသခံကာကွယ်ရေးအဖွဲ့များဘက်ကလည်း ထိခိုက်သေဆုံးမှုများ ရှိနေသည်။
ဒီဇင်ဘာ ၁၉ တွင် ဖြစ်ပွားခဲ့သော ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲအတွင်း ဒေသအခြေစိုက် ကနီမြို့နယ် ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ အဖွဲ့ဝင် ကိုဘီတူး သေဆုံးခဲ့သည်။
တိုက်ပွဲများ ပြင်းထန်နေ၍ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများမှ ဒေသခံပြည်သူထောင်နှင့်ချီပြီး ထွက်ပြေး တိမ်းရှောင်နေရသည်။
စစ်ကောင်စီသည် ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်း၍ အထက်ပိုင်းဒေသများကို ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ဆောင်ရာတွင် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်တို့ကို အသုံးပြုနေရာ မြစ်ကြောင်းတစ်လျှောက်မှ ဒေသခံကာကွယ်ရေးအဖွဲ့များ၊ PDF များက မကြာခဏ တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



