သတင်း

ဟိုပုံးတွင် ဖမ်းမိသည်မှာ PDF လက်နက်မဟုတ်ဟု NUG ပြော

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီဘက်က သိမ်းဆည်းရမိသည်ဆိုသော သေနတ် ၅၀၀ ခန့်မှာ မည်သည့်အဖွဲ့၏ လက်နက်များ ဖြစ်ကြောင်း စုံစမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ပစ္စည်းတွေ မဟုတ်တာ သေချာတယ်။ တိုင်းရင်းသားမဟာမိတ်တွေရဲ့ ပစ္စည်း ဟုတ်မဟုတ်တော့ စုံစမ်းလျက်ရှိပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Myanmar Now  ကို ယနေ့ ပြောသည်။

“အကြမ်းဖက်စစ်ကောင်စီက လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံတွေနဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေးဘက်တော်သားတွေကို Psywar (ဆိုက်ဝါး) လုပ်တတ်တဲ့ အလေ့အထရှိတာကြောင့် သတိထားကြဖို့လိုပါတယ်”

ဒီဇင်ဘာ ၁၇ နံနက်က ဟိုပုံးမြို့မြောက်ဘက် မိုင်းပျဉ်းကျေးရွာအုပ်စု ဆော်တောကျေးရွာ အရှေ့ဘက် ၂ မိုင်ခန့် အကွာတွင် Type 81 အမျိုးအစား သေနတ် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနှင့် အခြားဆက်စပ်ပစ္စည်းများကို ဖမ်းမိကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၁၈ တွင် သတင်းထုတ်ပြန်ထားသည်။

လက်နက်သယ်လာသည့် ဒိုင်နာအမျိုးအစား အပြာရောင် ၆ ဘီးယာဉ်မှာ ပင်လုံမြို့ ဆနင်းရွာဘက်မှ ရပ်စောက်မြို့နယ် ပင်ဖြစ်ရွာဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါလာသူများ ထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ကယား(ကရင်နီ) ပြည်နယ်ဘက် ပို့မည့် လက်နက်များဖြစ်ကြောင်း၊ စစ်တပ်နှင့် PNO/PNA တို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်တောင်ပိုင်းတွင် လှုပ်ရှားနေသည့် လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မေလကလည်း Type 81 အမျိုးအစား သေနတ် အလက် ၅၀ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ်တွင် သိမ်းဆည်းရမိသည်၊ လက်နက်သယ်ယူပို့ဆောင်ရန် လမ်းကြောင်း ခက်ခဲနေသည်ဟု အထက်ပါ ရှမ်းတောင်အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်က ဆိုသည်။

“နည်းနည်းသယ်ခါကျတော့ ကြာလည်းကြာတယ်။ အန္တရာယ်လည်းများတယ် ထင်တယ်ဗျ။ ခရီး အခေါက်ရေများလို့ (အကုန်) တစ်ခါတည်း သယ်နေကြပုံပဲ” ဟု သူက ပြောသည်။

ဖမ်းဆီးရမိသော လက်နက်များအား စစ်ကောင်စီက ထုတ်ပြန်ထားစဉ်။

လက်နက် ဖမ်းဆီးရာတွင် ပါဝင်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ PNO ပြည်သူ့စစ်အဖွဲ့ကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။ 

နယ်မြေထိစပ်နေသော ကရင်နီဒေသတွင် လှုပ်ရှားသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကလည်း အဆိုပါ လက်နက်များနှင့်ပတ်သက်၍ မသိရကြောင်း ပြောသည်။ 

“မပြောတတ်ဘူးဗျ။ ကျွန်တော်တို့ဆီမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရော PDF တွေရော များတဲ့အတွက် သတင်းအချက်အလက်ကို အတည်ပြုပေးလို့မရပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါလက်နက်များမှာ ၎င်းတို့တပ်ဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ကရင်နီအခြေစိုက် PDF များဖြစ်သည့် ဖယ်ခုံ PDF တပ်ရင်း (၂) နှင့် ဒီးမော့ဆို LPDF တို့မှ ပြောရေးဆိုခွင့်ရှိသူများကလည်း ပြောသည်။ 

လက်နက်များ ဖမ်းဆီးရမိသည်ဟူသော ဒေသတွင် စစ်ကောင်စီတပ်သာမက PNO/PNA, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့၏ လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသည့် ဆုံမှတ်နေရာ ဖြစ်ကြောင်း ထိုအဖွဲ့များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်အများကြီးဆိုတော့ လက်ရှိအနေအထားနဲ့ စဉ်းစားစရာတော့ ဖြစ်တာပေါ့နော်။ နည်းနည်းပါးပါး လေး၊ ငါး၊ ဆယ်လက်မဟုတ်ဘဲ ရာနဲ့ချီဆိုတော့ တကယ် ဟုတ် မဟုတ် စဉ်းစားစရာတော့ ဖြစ်တာပေါ့” ဟု ၎င်းက ဆိုသည်။

Type 81 အမျိုးအစား မောင်းပြန်သေနတ်သည် အသစ်ဆိုပါက မြန်မာကျပ် သိန်း ၁၀၀ ခန့် ပေါက်စျေးရှိပြီး ဝဒေသထုတ် တစ်ပတ်ရစ်ဖြစ်ပါက ကျပ်သိန်း ၇၀ နှင့် ၈၀ ခန့် ပေါက်ဈေးရှိကြောင်း သိရသည်။

တရုတ်နည်းပညာသုံး Type 81 အမျိုးအစား မောင်းပြန်သေနတ်ကို အင်အားကြီးလက်နက်ကိုင်အဖွဲ့များဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် UWSA (ဝ) က ထုတ်လုပ်လျက်ရှိသည်ဟု စစ်သုံးလက်နက်အကြောင်း ရေးသားဖော်ပြနေသည့် Tactical Raptor လူမှုကွန်ရက်စာမျက်နှာက ဇွန် ၃၀ တွင် ရေးသားထားသည်။

ထို့ပြင် KIA ထုတ် Type 81 များကို KIA, စစ်ကိုင်းတိုင်း PDF အများစု၊ AA နှင့် PLA တို့ အသုံးပြုသည်ကို တွေ့ရပြီး UWSA ထုတ် Type 81 များကို UWSA, KNDF, KNU တပ်မဟာအချို့၊ Mandalay PDF, TNLA နှင့် BPLA တပ်ဖွဲ့ဝင်များထံတွင် ရံဖန်ရံခါ တွေ့ရကြောင်း ဖော်ပြထားသည်။

ဖမ်းမိလက်နက်များဟု စစ်ကောင်စီထုတ်ပြန်ထားသည့် ဓာတ်ပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button