သတင်း

ပန်းဆိုးတန်း – ဒလသ‌င်္ဘော ဗုံးပေါက်ကွဲမှု ထိခိုက်ဒဏ်ရာရသူ ၁၇ ဦးရှိ

ယမန်နေ့ (ဒီဇင်ဘာ ၁၈) ညပိုင်းက ရန်ကုန်နှင့် တစ်ဖက်ကမ်း ဒလမြို့နယ်သို့ ပြေးဆွဲသည့် ကူးတို့သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ကာ ထိခိုက်ဒဏ်ရာရသူ ၁၇ ဦးရှိပြီး စိုးရိမ်ရသူအချို့ရှိသည်ဟု သိရသည်။

ဗိုလ်တထောင်မြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်သို့ ထွက်ခွာသွားသည့် ချယ်ရီ-၂ သင်္ဘောပေါ်၌ ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် သ‌င်္ဘောအောက်ထပ်မှ အပေါ်ထပ်တက်ရာ လှေကားဘေးမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းနှင့် ဒေသခံလေးဦးကို ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“ဒဏ်ရာတွေက များသောအားဖြင့် ပေါင်နဲ့ ခန္ဓာကိုယ်အောက်ပိုင်း ထိတာများတယ်။ မျက်နှာတွေ စင်တာလည်းရှိတယ်၊ သွေးသံရဲရဲတွေပါပဲ” ဟု ဒဏ်ရာရသူများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည့် ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသည့် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၇ ကို လူမှုကူညီရေးအသင်းများက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

“ကျွန်တော်တို့ပို့ခဲ့တဲ့ လူနာတွေကတော့ အဝါရောင်အဆင့်လောက်ပါပဲ။ အခြားအဖွဲ့တွေ ပြောတာတော့ အနီရောင်အဆင့် (စိုးရိမ်ရ) တွေပါတယ်လို့ ပြောတယ်” ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၁၇ ဦး ဆေးရုံရောက်လာသည်မှာ မှန်ကန်ကြောင်း ရန်ကုန်ဆေးရုံကြီးနှင့် နီးစပ်သူထံမှ သိရသည်။​

ရှင်သန်ရေးလူမှုကူညီရေးအသင်းက Facebook လူမှုကွန်ရက်တွင် တင်ထားသည့် ဓာတ်ပုံများအရ ပေါက်ကွဲမှုဖြစ်ပွားရာ သင်္ဘောလှေကားတစ်ဝိုက်တွင် သွေးကွက်များတွေ့ရပြီး ပြိုကျပျက်စီးနေသော စက်ဘီးများနှင့် လဲကျနေသော ခရီးသည်များလည်း တွေ့ရသည်။​

ဒလဘက်အသွား ရေလယ်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် ချယ်ရီ-၂ သင်္ဘောမှာ ပန်းဆိုးတန်းဆိပ်ကမ်းဘက်သို့ ပြန်လည် ဆိုက်ကပ်ခဲ့သည်ဟုလည်း သိရသည်။

သ‌င်္ဘောပေါ်တွင် ခရီးသည် ၁၀၀ ဦးခန့် လိုက်ပါသွားသည်ဟု ယူဆပြီး ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်မှ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရသည်ဟု သိရကြောင်း အသက် ၄၀ ဝန်းကျင် ဒလမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ မနေ့က အဲဒီသ‌င်္ဘောလွတ်သွားတာ။ နောက်တစ်စီးစောင့်နေတုန်း အုန်းဆို အသံအကျယ်ကြီး ကြားရတယ်။ တနင်္ဂနွေနေ့ဆိုတော့ ပုံမှန်ရုံးတွေပိတ်တော့ ပါသွားတဲ့လူတွေက လက်လုပ်လက်စား အလုပ်သမားတွေများတယ်” ဟု သူက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒလမြို့ဘက်ခြမ်းရှိ သ‌င်္ဘောဆိပ်တွင် စစ်ကားသုံးစီး ရောက်လာကာ အခြေအနေလာကြည့်သည်ကို တွေ့ရသော်လည်း ထူးထူးခြားခြား စစ်ဆေးမေးမြန်းသည်ကို မတွေ့ရကြောင်း ဒလမြို့ခံ နောက်ထပ်အမျိုးသားတစ်ဦးက ဆိုသည်။

“အခုထိတော့ စစ်ဆေးမှုတွေ မရှိသေးဘူး။ အရင်ကဆိုရင် ဒလ – ပန်းဆိုးတန်း ကူးတို့ဆိပ်တို့ / ဒလ – စဉ့်အိုးတန်း ကူးတို့ဆိပ်တွေမှာ စစ်ဆေးမှုတွေလုပ်တယ်”

ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သတ်၍ ဒလမြို့နယ်အခြေစိုက် စစ်ကောင်စီတော်လှန်ရေးအဖွဲ့များက ၎င်းတို့လက်ချက်မဟုတ်ကြောင်း၊ အာဏာသိမ်းစစ်တပ်နှင့် သတင်းပေးဒလန်များက ပုံမှားရိုက် လုပ်ဆောင်နေကြောင်း ညတွင်းချင်းထုတ်ပြန်သည်။ 

ရန်ကုန်နှင့် ဒလကို အချိန်ပြည့်ပြေးဆွဲပေးနေသည့် ကူးတို့သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက ယနေ့ညနေပိုင်း သတင်းထုတ်ပြန်ရာတွင် ပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာရ ကြောင်း၊ PDF အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ဆိုထားသည်။

ကူးတို့သင်္ဘောပေါ် ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒလမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့နယ်မြေ မဟုတ်သဖြင့် မသိကြောင်းဆိုပြီး ဗိုလ်တထောင်မြို့နယ်ရဲစခန်းကမူ ပြန်လည်ဖြေကြားခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button