အမေရိကန်လွှတ်တော်သည် နှစ်စဉ်ပြဋ္ဌာန်းလေ့ရှိသည် National Defense Authorization Act (NDAA) တွင် Burma Act of 2022 ကို ထည့်သွင်းပြဋ္ဌာန်းလိုက်ခြင်းဖြင့် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် အပြောင်းအလဲသစ်များနှင့်အတူ ပိုမိုကျယ်ပြန့်လွှမ်းခြုံလာသည်ကို လေ့လာတွေ့ရှိရသည်။
ထိုအက်ဥပဒေကို အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Gregory W. Meeks က ဦးဆောင်တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ထိုအက်ဥပဒေကို ၂၀၂၁ ခုနှစ်ကတည်းက အောက်လွှတ်တော်တွင် သီးခြားဥပဒေအဖြစ် အတည်ပြုခဲ့သော်လည်း၊ အထက်လွှတ်တော်တွင် အတည်ပြုနိုင်ခြင်းမရှိဘဲ ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ် အောက်လွှတ်တော်၏ NDAA တွင် ထည့်သွင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်ရဲ့ ဥပဒေကြမ်း Burma Act ကို ထည့်သွင်းနိုင်လိုက်ခြင်းက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူများအတွက် အဓိကအောင်မြင်မှုတစ်ခု ဖြစ်ပြီး၊ ဗမာလူသတ်စစ်တပ်ကို တာဝန်ခံမှုရှိစေဖို့ အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်ပါတယ်” ဟု Meeks က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါသည်။ Burma Act ၏ အမည်အပြည့်အစုံမှာ Burma Unified Through Rigorous Military Accountability ဖြစ်သည်။
အောက်လွှတ်တော်က အတည်ပြုခဲ့သော ၂၀၂၂ ခုနှစ် NDAA ဥပဒေကို အထက်လွှတ်တော်တွင် ဆက်လက်အတည်ပြုရန် ကျန်ရှိနေသေးသည်။
အစဉ်အလာအားဖြင့် အမေရိကန်အစိုးရအဆက်ဆက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအုတ်မြစ်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထားပြီး၊ လက်နက်ကိုင်တော်လှန်ရေးကို အားပေးခြင်း မရှိခဲ့ပါ။ NDAA ၏ Burma Act သည် ထိုအခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်ကို မပြောင်းမလဲ တွေ့ရှိရသည်။
သို့သော် Burma Act တွင် ထူးခြားသည့် ပြောင်းလဲမှုများကို တွေ့ရှိရသည်။ ယင်းမှာ စစ်တပ်၏ ပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် မြန်မာပြည်သူများသည် ၎င်းတို့၏အသက်ရှင်သန်ခွင့်အတွက် လက်နက်ကိုင်ခုခံတော်လှန်ရေး ဆင်နွှဲလာမှုကို အမေရိကန်မူဝါဒချမှတ်သူများ မျက်စိပိတ် လျစ်လျူရှုမထားနိုင်ခြင်းပင်။
ယခု Burma Act တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် PDFs များကို စနစ်တကျ လေ့ကျင့်ဖွဲ့စည်းပေးခဲ့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ဒီမိုကရေစီ အရေး လှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့များ၏ ဆက်သွယ်ရေးနှင့် အမိန့်ပေး ထိန်းချုပ်မှုများ အားကောင်းစေရန် (To strengthen communications and command and control) နည်းပညာအကူအညီ (Technical Support) နှင့် လက်နက်မဟုတ်သော အကူအညီ (Non-lethal Assistance) များပေးရန် ပြဋ္ဌာန်းချက်များ ထည့်သွင်းထားခြင်း ဖြစ်သည်။
ထိုအချက်ကြောင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွင် အခြေခံကျသော အပြောင်းအလဲများကို စတင်တွေ့မြင်လာရပြီဟု ဆိုနိုင်ပါသည်။
NDAA ကို နှစ်စဉ်ပြဋ္ဌာန်းသော်လည်း Burma Act အရ ပေးအပ်မည့် အထောက်အပံ့များသည် ၂၀၀၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ၅ နှစ်တာ ဘဏ္ဍာနှစ်အတွင်း နှစ်စဉ် အထောက်အပံ့များ ပေးအပ်ရန် ဖော်ပြထားသဖြင့် ထိုအက်ဥပဒေ၏ သက်ရောက်မှုမှာ ၅ နှစ်သက်တမ်းရှိသည်ဟု ယူဆနိုင်ပါသည်။
ယခင် အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒများတွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူခြင်း၊ ဒီမိုကရေစီအရေး အကြမ်းမဖက်တိုက်ပွဲဝင်ကြသော အဖွဲ့အစည်းများကို ထောက်ပံ့ကူညီခြင်းများ ရှိခဲ့သော်လည်း၊ တိုင်းရင်းသားအခွင့်အရေးများအတွက် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ (EAOs) ကိုမူ တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းနှင့် ထောက်ပံ့ခြင်း အလျှင်းမရှိခဲ့ပါ။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းဖြူနှင့် မူးယစ်ဆေးဝါးအမျိုးမျိုး ထုတ်လုပ်ဖြန့်ချိနေသော ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်နေပြီး၊ အဆိုပါ မူးယစ်ဆေးဝါးများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့က ၎င်းတို့နယ်မြေအတွင်း ထုတ်လုပ်နေကြသဖြင့် အမေရိကန်အစိုးရနှင့် EAOs များအကြား ဆက်ဆံရေးတွင် အဓိက အဟန့်အတားဖြစ်နေခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ၂ နှစ်ကြာ ကာလအတွင်း မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပြည်သူတို့၏ စစ်တပ်ကို ခုခံတော်လှန်စစ်တွင် ပြည်သူနှင့်အတူ ရပ်တည်တိုက်ပွဲဝင်နေသော EROs များနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်နေသော လက်နက်ကိုင်အဖွဲ့များကို ခွဲခြားဆက်ဆံရန် အချိန်ရောက်ပြီဖြစ်ကြောင်း ဝါရှင်တန်ရှိ မူဝါဒရေးရာချမှတ်သူများ လက်ခံလာကြပြီဟု တွေ့မြင်ရသည်။
ထို့အပြင် Burma Act တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချပြီး၊ အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ဖော်ဆောင်ရန် ပြည်သူနှင့်အတူ ပူးပေါင်းလာကြသော CDM စစ်သားများအတွက် ထောက်ပံ့ရေးအစီအစဉ်များကိုပါ ထည့်သွင်းပြဋ္ဌာန်းထားသည်။
မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီနေသော ရုရှားနှင့် တရုတ်နိုင်ငံတို့ကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်မှာ အမေရိကန်အစိုးရ၏ မူဝါဒဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့အတွက် မြန်မာစစ်တပ်ကို နိုင်ငံတကာက အရေးယူရေး ကြိုးပမ်းမှုများတွင် ရုရှားနှင့် တရုတ်နိုင်ငံတို့က ထောက်ခံလာရန် ဖိအားပေးနိုင်မည့် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရန်ကိုလည်း ဥပဒေတွင် ထည့်သွင်းထားသည်။
မြန်မာစစ်တပ်သည် ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အရပ်သား ပြည်သူတို့နေထိုင်ရာ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်သည့်နည်းဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်၊ ထို့ကြောင့် သဘောထားချင်းတူညီသော နိုင်ငံများစုစည်းပြီး မြန်မာကို လက်နက်တင်သွင်းမှု ပိတ်ဆို့အရေးယူရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ရန်ကိုလည်း ဥပဒေတွင် ထည့်သွင်းထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချရန် လုံလောက်သော ဆောင်ရွက်မှုများ မလုပ်ခဲ့ပါ။ ထိုသို့ဖြစ်ရခြင်းမှာ ရုရှားနှင့် တရုတ်တို့က လုံခြုံရေးကောင်စီတွင် မြန်မာစစ်တပ်ကို အကာအကွယ်ပေးနေသောကြောင့်ဖြစ်သည်ဟု Burma Act က ထောက်ပြဝေဖန်ထားသည်။
မြန်မာပြည်ဆိုင်ရာ အရေးယူဆောင်ရွက်မှုများတွင် အမေရိကန်အစိုးရ၏ သံတမန်ဆိုင်ရာ စွမ်းအားကို အပြည့်အဝအသုံးချ အကောင်အထည်ဖော်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရေးယူပိတ်ဆို့မှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးအကြီးအကဲ (Head of the Office of Sanctions Coordination) က အလုံးစုံ လွှမ်းခြုံသော မဟာဗျူဟာတစ်ခု (A comprehensive strategy) ကို ရေးဆွဲရန်လည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
စစ်အာဏာသိမ်းမှုကာလအတွင်းနှင့် နောက်ပိုင်း မြန်မာစစ်တပ်ထောက်ပံ့ကူညီနေသူမှန်းသိလျက် မြန်မာ ကုမ္ပဏီ/အဖွဲ့အစည်း တစ်ခုခုကို တိုက်ရိုက်ဆက်ဆံနေသော မည်သည့်နိုင်ငံခြားသားကိုမဆို အမေရိကန်သမ္မတက အရေးယူဒဏ်ခတ်နိုင်ကြောင်း Burma Act က သမ္မတကို အခွင့်အာဏာ ပေးထားသည်။
ထို့ကြောင့် မြန်မာစစ်တပ်၏ လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် ဆက်နွယ်နေသော ထိုင်းလွှတ်တော်အမတ်ကဲ့သို့ နိုင်ငံခြားသားများ၊ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းများ ရောင်းချရာတွင် ပါဝင် ပတ်သက်လျက်ရှိသော စင်ကာပူအခြေစိုက် ကုမ္ပဏီများ/လူပုဂ္ဂိုလ်များသည် အမေရိကန်အစိုးရ၏ ပစ်မှတ်ထား အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ခံရနိုင်ဖွယ် ရှိပါသည်။
စစ်ကောင်စီက ခန့်အပ်အဆိုပြုလာမည့် မည်သည့်ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ကိုမဆို အမေရိကန်အစိုးရ၏ ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက ကန့်ကွက်မဲပေးရန် Burma Act တွင် ဖော်ပြထားသည်။
မြန်မာပြဿနာ ဖြေရှင်းနိုင်မည့် အဆိုပြုချက်တချို့ ဖော်ပြထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။
၎င်းတို့မှာ
(၁) ရွေးကောက်ခံအစိုးရကို အာဏာပြန်လည်အပ်နှင်းရန် သို့မဟုတ် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအသစ်များ ကျင်းပရန်၊ (၂၀၂၀ ရွေးကောက်ခံအစိုးရကို ရည်ညွန်းခြင်း ဖြစ်ဟန်ရှိသည်)
(၂) ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူ အားလုံးကို တရားစွဲဆိုထားမှုများ ရုပ်သိမ်းရန်၊
(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆန်ရန်နှင့် စစ်တပ်ကို အရပ်သားအစိုးရအောက်တွင် ထားရှိရန်၊
(၄) မြန်မာစစ်တပ်က ပြည်ထောင်စုနှင့် ဒေသဆိုင်ရာလွှတ်တော်များတွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရယူထားမှုကို အဆုံးသတ်ရန်တို့ ဖော်ပြထားသည်။
အထက်ပါအဆိုပြုချက်များကို ကြည့်ခြင်းအားဖြင့် အမေရိကန်မူဝါဒချမှတ်သူများသည် ၂၀၀၈ ခြေ/ဥ ကို လုံးဝလျစ်လျူရှုလိုက်သည့်သဘောမျိုးမဟုတ်ဘဲ၊ ထိုဥပဒေတွင် စစ်တပ်၏ အခန်းကဏ္ဍ အရပ်သားအုပ်ချုပ်ရေးအောက် ရောက်ရှိမည့် ပြုပြင်ပြောင်းလဲမှုများဆိုလျှင် လက်ခံနိုင်သည့်သဘော တောင်းဆိုချက်များတွင် တွေ့ရသည်။
ထူးခြားချက်မှာ NUG, NUCC နှင့် CRPH တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံကူညီရန်ဟု ဆိုထားသော်လည်း၊ NUCC က ပြဋ္ဌာန်းထားသော ဖက်ဒရယ်ပဋိညာဉ်နှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်းကို မတွေ့ရပါ။
NDAA ၏ Burma Act က ဒီမိုကရေစီအင်အားစုများ၏ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးကို မည်မျှအထောက်အကူပေးနိုင်မည်လား၊ စစ်တပ်က ပြည်သူများကို ရက်စက်ကြမ်းကြုတ်စွာ စစ်ဆင်မှုကို ထိထိရောက်ရောက် တန်ပြန်ခုခံတွန်းလှန်နိုင်မည့် အင်အားချိန်ခွင်လျှာအပြောင်းအလဲ ဖြစ်လာသည်အထိ ဖြစ်လာနိုင်မည်လားဆိုသည်မှာ မသေချာပါ။
သေချာသည့် အချက်မှာ အမေရိကန်က ယူကရိန်းကို ကူညီနေသကဲ့သို့ မြန်မာပြည်သူများ၏ ခုခံစစ်အတွက် လက်နက်အကူအညီများပေးရန် မရှိပါ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)