မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဇင်းကျိုက်နယ်မြေရဲစခန်းမှ ရဲနှစ်ဦး ပစ်သတ်ခံရသည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပစ်ခတ်မှု ဖြစ်ပွားရာအနီးရှိ ကျေးရွာမှ လူငယ် ၂၀ ကျော် အဖမ်းခံရပြီး နောက်တစ်နေ့တွင် အသက် ၇၀ ခန့်အရွယ် အမျိုးသားတစ်ဦး အဖမ်းခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဥတ္တားကျေးရွာတာဝန်ကျသူများဖြစ်သော နယ်ထိန်း ရဲတပ်သား မောင်ကိုကို၊ ရဲတပ်သား ခိုင်ဇော်ထွန်းတို့ ဆိုင်ကယ် စီးလာစဉ် သေနတ်သမားများက ပစ်သတ်သွားခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ အမျိုးသားက ပြောသည်။
ဖလပ်ကျေးရွာအနီး ပစ်ခတ်ခြင်း ဖြစ်သော်လည်း စစ်တပ်က ထိုရွာနှင့် ကပ်လျက် ဥတ္တတားကျေးရွာ ဒေသခံများကို သံသယနှင့် သွားရောက်ဖမ်းဆီးခြင်း ဖြစ်သည်ဟု သူက ပြောသည်။
“သူတို့နှစ်ယောက် ဥတ္တတားကျေးရွာကအပြန် နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပစ်တာ။ ဖလပ်ကျေးရွာမှာ ဖြစ်ပေမဲ့ ဥတ္တတားကျေးရွာကို မဲတယ်” ဟု ထိုအမျိုးသားက ဆိုသည်။
ဖမ်းဆီးထားသူများအနက်မှ တချို့ကို ပြန်လွှတ်သည်ဟု သတင်းကြားရသော်လည်း အရေအတွက် အတိအကျ မသိရကြောင်း၊ ယနေ့အထိ စစ်ကောင်စီတပ်က ဥတ္တတားရွာနှင့် ရွာအနီးတောင်ခြေတစ်ဝိုက် သေနတ်ပစ်ဖောက်နေကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဇင်းကျိုက်မြို့ရဲစခန်းမှာ ဒီဇင်ဘာအတွင်း ဒရုန်းဖြင့် ဗုံးနှစ်ကြိမ်ကြဲချခံရပြီး နိုဝင်ဘာလကလည်း သေနတ် ဖြင့် ပစ်ခတ်ခံရကာ ယမန်နှစ် အောက်တိုဘာအတွင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားထားသည်။
ကာကွယ်ရေးအဖွဲ့များ၏ လှုပ်ရှားမှုတချို့ ရှိသော ထိုနယ်မြေတွင် ပြီးခဲ့သည့် စက်တင်ဘာလက ပေါင်မြို့နယ် ကျွဲခြံရွာ၌ ကင်းပုန်းဝပ်နေသည့် ပျူစောထီး (ပြည်သူ့စစ်) များကို သေနတ်သမားအချို့က ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီး ခေါင်းဆောင်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
ဆိုင်ကယ်မောင်းလာသည့် ရဲတပ်သား မောင်ကိုကိုမှာ သေနတ်ဒဏ်ရာ ၉ ချက်နှင့် နောက်မှ လိုက်ပါစီးနင်းသည့် ခိုင်ဇော်ထွန်းမှာ သေနတ်ဒဏ်ရာ ၂ ချက် လည်ပင်းထိမှန် သေဆုံးခဲ့သည်။
ကျေးရွာ ၅၈ ရွာရှိသည့် ပေါင်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမာခံရွာဖြစ်သော ဥတ္တတား ကျေးရွာတစ်ရွာတည်းသာ ယနေ့အထိ အုပ်ချုပ်ရေးမှူးမခန့်နိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
ပေါင်မြို့နယ်သည် မော်လမြိုင်နှင့် သထုံမြို့နယ်ကြားတွင် တည်ရှိပြီး ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသည့် ဒေသဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)