သတင်း

မြန်မာနှင့် သံတမန်အဆင့် လျှော့ချရန် အမေရိကန်ဆုံးဖြတ် 

မြန်မာနိုင်ငံတွင် သံအမတ်ကြီးအဆင့် ထပ်မံခန့်ထားခြင်းမပြုတော့ဘဲ သံရုံးယာယီတာဝန်ခံသာ ထား၍ သံတမန်ဆက်ဆံရေး လျှော့ချရန် အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဆဲ Thomas Vajda မှာ ယခုလကုန်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည်ဖြစ်ပြီး ၎င်း၏နေရာတွင် အစားထိုးခန့်အပ်ခြင်း မပြုတော့ရန် ဝါရှင်တန်က ဆုံးဖြတ်လိုက်သည်ဟု Nikkei Asia က ယနေ့ (ဒီဇင်ဘာ ၈) ရေးသားသည်။

“သံအမတ်ကြီး ပြန်သွားတဲ့အချိန်မှာ သံရုံးဒုတိယအကြီးအကဲ Deborah Lynn က သံရုံးယာယီတာဝန်ခံအနေနဲ့ ဆက်ခံသွားမှာ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သမ္မတဂျိုးဘိုင်ဒင် အစိုးရအဖွဲ့အနေဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း ထင်ထင်ရှားရှား ပြသလိုက်ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်က လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စိုင်းပြင်းနေသော်လည်း မည်သည့်နည်းနှင့်မျှ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း အမေရိကန်ဘက်က ယုံကြည်ထားသည်။​

အမေရိကန်အစိုးရက စစ်ခေါင်းဆောင်မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များကို အာဏာသိမ်းပြီး တစ်ပတ်ခန့်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပထမဆုံး ဒဏ်ခတ်အရေးယူခဲ့ကာ စစ်ကောင် စီနှင့် ပတ်သက်ဆက်နွှယ်သူများကိုလည်း ဆက်တိုက် အရေးယူခဲ့ရာ လက်ရှိအချိန်တွင် လူပုဂ္ဂိုလ် ၁၀၀ နီးပါး၊ ကုမ္ပဏီနှင့် ဌာနအဖွဲ့အစည်း ၂၀ ကျော်ကို ပိတ်ဆို့အရေးယူပြီးဖြစ်သည်။​

ယခင် စစ်အာဏာရှင်များလက်ထက်တွင်လည်း အမေရိကန်က နှစ်ပေါင်း ၂၀ ကြာ မြန်မာနိုင်ငံတွင် သံအမတ်အဆင့် မထားခဲ့ပေ။​ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်ပြီးနောက် သမ္မတအိုဘားမားလက်ထက်တွင် သံတမန်ဆက်ဆံရေးတိုးမြှင့်ကာ သံအမတ်ကြီးအဆင့် ပြန်လည် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်နည်းတူ သမ္မတအိုဘားမားလည်း လာရောက်ခဲ့ပြီး ဒဏ်ခတ်အရေးယူထားသည်များကိုလည်း ပြန်လည်ဖြေလျှော့ပေးခဲ့သည်။

လက်ရှိ အမေရိကန်သံအမတ်ကြီး Thomas Vajda မှာ စစ်တပ်က အာဏာမသိမ်းမီ လပိုင်းအလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ဖြစ်သော ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှစ်ဦးမှာ လေးနှစ်စီ တာဝန်ထမ်းဆောင်ခဲ့သော်လည်း Thomas Vajda မှာ သံအမတ်ကြီးအဖြစ် နှစ်နှစ်မျှသာ တာဝန်ထမ်းဆောင်ရသေးသည်။ 

အမေရိကန်နည်းတူ ဂျာမနီ၊ ဩစတြေးလျ၊ ကနေဒါနှင့် တောင်ကိုရီးယားတို့သည်လည်း စစ်ကောင်စီလက်ထက်တွင် မြန်မာနိုင်ငံရှိ ၎င်းတို့၏သံရုံးများ၌ သံအမတ်ကြီးအဆင့် ဆက်လက်ခန့်ထားခြင်း မပြုကြတော့ပေ။

“ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက မြန်မာကို သံအမတ်ကြီးအဆင့် မလွှတ်တော့ဖို့ သဘောတူထားကြတယ်” ဟု ရန်ကုန်ရှိ သံတမန်တစ်ဦးက ပြောသည်။​

စစ်တပ်က အာဏာသိမ်းပြီးနောက် အရှေ့တောင်အာရှနိုင်ငံအချို့ အပါအဝင် အနောက်အုပ်စုနိုင်ငံများက သံတမန်အဆင့်လျှော့ချခြင်း သို့မဟုတ် အစားထိုးခန့်အပ်ခြင်းမပြုဘဲ လစ်လပ်ထားခြင်းတို့ဖြင့် စစ်ကောင်စီကို ဖယ်ကြဉ်ထားသည်။​ ထိုအထဲတွင် ဗြိတိန်နိုင်ငံလည်း ပါဝင်ခဲ့ပြီး စစ်ကောင်စီနှင့် အခြေအနေတင်ဖြစ်ခဲ့သည်။

လက်ရှိအချိန်ထိ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် သံအမတ်ကြီးအဆင့် သံတမန်ခန့်အပ်လွှာပေးခဲ့သည့်နိုင်ငံများမှာ အိန္ဒိယ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေဗျ၊ ဘယ်လာရုစ်နှင့် ထိုင်းနိုင်ငံတို့သာ ရှိသေးသည်။​ အိမ်နီးချင်း ထိုင်းနိုင်ငံက တစ်နှစ်နီးပါး လစ်လပ်ထားခဲ့ရာမှ ယမန်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအသစ် ခန့်အပ်ခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button