
(ရန်ကုန်) — ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှဝါနာ ဘာဂီနာ (Ms. Christine Schraner Burgener) သည် ဇွန် ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေး အပါအဝင် နိုင်ငံတွင် ရင်ဆိုင်နေရသော အခက်အခဲများအကြောင်း ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အခက်အခဲများ ဖြေရှင်းရေးတွင် အစိုးရနှင့် အထူးကိုယ်စားလှယ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများအပေါ် အမြင် ဖလှယ်ကြသည်ဟု ဆိုသည်။
အထူးကိုယ်စားလှယ်က သူ၏ခရီးစဉ်သည် “ရခိုင်ပြည်နယ်ကိစ္စ ဖြေရှင်းရေးတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးရန်” ရည်ရွယ်သည်ဟု ပြောဆိုကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သူ၏ခရီးစဉ်က နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုရေးအတွက်လည်း ရည်ရွယ်သည်ဟု ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အခြေအနေမှန်များအား နိုင်ငံတကာအသိုက်အဝန်းမှ သိရှိနိုင်စေရန် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား အပြုသဘောဆောင်သည့် ပံ့ပိုးမှုများဖြင့် ပေါင်းကူးဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း” ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရသည်။
အသက် ၅၅ နှစ်အရွယ် အထူးကိုယ်စားလှယ်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။
ခရီးစဉ်အတွင်း တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်များ၊ ဘာသာရေးအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သတင်းတချို့ ထွက်ပေါ်နေသည်။
အစိုးရနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်းတို့၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအေးလွင်က အထူးကိုယ်စားလှယ်သစ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
“ကျွန်တော်တို့နဲ့တွေ့မယ်၊ မတွေ့ဘူး ဆိုတာတော့ မသိရသေးဘူးဗျ၊ အကြောင်းကြားတာလည်း မရှိသေးဘူး။ တွေ့ဖြစ်ရင်တော့ လက်ရှိအခြေအနေကိုပဲ ပြောမှာပါ။ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်းပဲပေါ့၊ သူတို့ သိချင်တာရှိလည်း မေးချင်မေးမှာပေါ့” ဟု ဦးအေးလွင်က Myanmar Now ကို ဇွန် ၁၃ ရက်နေ့က ပြောသည်။
သူ၏ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် မြန်မာအစိုးရခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံရာ ရခိုင်ပြည်နယ်အရေး၊ အမျိုးသားလုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အထူးကိုယ်စားလှယ်သစ်
ရှဝါနာ ဘာဂီနာ၏ ယခုခရီးစဉ်သည် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် မြန်မာပြည်သို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်သည်။
အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတားရက်စ်က သူ့ကို အထူးကိုယ်စားလှယ်အဖြစ် ဧပြီလတွင် ခန့်အပ်ခဲ့သည်။
သူ၏ ခင်ပွန်းသည် မြန်မာနိုင်ငံတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟု ဆွစ်ဇာလန်နိုင်ငံခြားရေးဌာနဝန်ကြီးဌာနက ဆိုသည်။
သံတမန် အတွေ့အကြုံ ၂၅ နှစ် ရှိပြီဖြစ်သည့် ရှဝါနာ ဘာဂီနာသည် နိုင်ငံခြားရေးဌာနတွင် ထိပ်တန်းရာထူးများ ရရှိခဲ့ပြီး ထိုင်း၊ ဂျာမနီတို့တွင် သံအမတ်ကြီးအဖြစ် သွားရောက် တာဝန်ယူခဲ့ဖူးသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ရှဝါနာ ဘာဂီနာသည် ထိုင်းတွင် သံတမန်အဖြစ် နေထိုင်စဉ် ပဋိပက္ခဖြစ်ရပ်များအတွက် ညှိနှိုင်းပေးဖူးသည့် အတွေ့အကြုံရှိသည်ဟု ဆိုသည်။
ယခင် အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း လက်ထက်တွင် မြန်မာပြည်အရေးအတွက် အထူးကိုယ်စားလှယ်တာဝန်ယူခဲ့သူမှာ မစ္စတာ ဗီဂျေ နမ်ဗီးယားဖြစ်သည်။